News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယားတွင် ကားမှောက်၍ တရုတ် ၃၂ ဦးသေသည့်ကိစ္စ ကင်ဂျုံအန်းကိုယ်တိုင် တရုတ်ကိုတောင်းပန်
ပြုံယမ်း၊ ဧပြီ ၂၆

တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ၃၂ ဦး သေဆုံးခဲ့ရသည့် မြောက်ကိုရီးယားတွင် ဘတ်စ်ကားတိမ်းမှောက်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် တရုတ်ကိုတောင်းပန်ခဲ့ကြောင်း အစိုးရမီဒီယာများက ဖော်ပြထားသည်။ 

တရုတ်သည် မြောက်ကိုရီးယား၏ စီးပွားရေးအရ၊ သံတမန်ခင်းအရအရေးအပါဆုံးလက်တွဲဘက်ဖြစ်ကာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းက တရုတ်အပေါ် အလေးထားသည်။

တရုတ်သည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်ချက်များနှင့်ပတ်သက်ပြီး ရှုတ်ချမှုများ ပြုလုပ်ခဲ့ကာ ကုလသမဂ္ဂပိတ်ဆို့အရေးယူမှုကို ပါဝင်ထောက်ခံပေးခဲ့သော်လည်း မြောက်ကိုရီးယားကို ဆက်လက်ကူညီနေဆဲ ဖြစ်သည်။ 

ကိုရီးယားဘတ်စ်ကားမတော်တဆမှုကြောင့် တရုတ်ခရီးသွားဧည့်သည်များနှင့် မြောက်ကိုရီးယားသားလေးဦး သေဆုံးသွားခဲ့ပြီး တရုတ်နိုင်ငံသားနှစ်ဦး စိုးရိမ်ရဖွယ်အခြေအနေများဖြင့် ဆေးရုံတက်နေရသည်။ 

အလောင်းများ တရုတ်နိုင်ငံသို့ ပြန်ပို့ရာတွင် ရထားဘူတာအထိ ကင်ဂျုံအန်းကိုယ်တိုင် လိုက်ပို့သည်ကို တရုတ်အစိုးရ မီဒီယာတွင် ဖော်ပြထားသည်။ 

မြောက်ကိုရီးယားပြည်သူများ အနေနှင့် ဝမ်းနည်းကြေကွဲနေကြပါကြောင်း ကင်ကတရုတ်သမ္မတရှီကျင့်ဖျင်နှင့် အခြားတရုတ်ခေါင်းဆောင်များကို ပြောကြားခဲ့သည်။ 

“တရုတ်နိုင်ငံသားမိတ်ဆွေတွေဟာ ကျွန်တော်တို့ပြည်သူတွေကို ခင်မင်မှုအပြည့်နဲ့ လာရောက်ခဲ့ပြီးနောက် မထင်မှတ်တဲ့ မတော်တဆမှုကို ကျွန်တော်တို့နယ်မြေအတွင်းမှာ ဖြစ်ပွားခဲ့ရတာမို့ အင်မတန်ဝမ်းနည်းမိပါတယ်” ဟု ကင်ဂျုံအန်း၏ သဝဏ်လွှာကို KCNA သတင်းဌာနတွင် ဖော်ပြထားသည်။ 

“စကားလုံးနဲ့ ဖော်ပြခြင်းငှာမစွမ်းတဲ့ ခံစားရတဲ့ နာကျင်မှုအတွက် တရုတ်ရဲဘော်တွေကို နက်ရှိုင်းစွာ တောင်းပန်ပါတယ်” ဟု ၎င်းက ဖော်ပြထားသည်။ 

မြောက်ကိုရီးယားသည် တရုတ်ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသော၊ လူကြိုက်များသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

မြောက်ကိုရီးယားသည် ခရီးသွားလုပ်ငန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၄ သန်း ဝင်ငွေရရှိကြောင်း စောင့်ကြည့်သူများက သုံးသပ်ထားသည်။

F-02



FOLLOW US