News

POST TAGGED AS

မြောက်ကိုရီးယား

ကင်ဂျုံအန်းသည် မြောက်ကိုရီးယား၏ ဂုဏ်ပြုထိုက်သူတစ်ဦးဖြစ်သည်ဟု ထရမ့်ချီးမွမ်း၊ သို့သော် ဖိအားပေးမှုများ ဆက်ရှိနေမည်ဟု သတိပေး


ဝါရှင်တန်၊ ဧပြီ ၂၅

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် လွန်စွာဂုဏ်ပြုထိုက်သူ တစ်ဦးဖြစ်ပြီး ဝါရှင်တန်နှင့် ပြုံယမ်းအကြားပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲအတွက် ဆွေးနွေးညှိနှိုင်းမှုများမှာလည်း အထူးပင် ကောင်းမွန်လျက်ရှိသည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ချီးမွမ်းပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ရောက်ရှိနေသော ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်နှင့် အိမ်ဖြူတော်၌တွေ့ဆုံရာတွင် ထရမ့်က သတင်းထောက်များအား မြောက်ကိုရီးယားခေါင်းဆောင်နှင့် ပတ်သက်၍ ယင်းသို့ သုံးသပ်ပြောဆိုခြင်းဖြစ်သည်။ 

ထရမ့်က ၎င်းအနေနှင့် အမေရိက-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကြီးကို ဖြစ်နိုင်လျှင် အမြန်ဆုံးကျင်းပလိုသည့် ဆန္ဒရှိခဲ့ကြောင်း ပြောကြားသည်။ 

“ဒါဟာ ကမ္ဘာကြီးအတွက် ဧရာမကိစ္စတစ်ခုပဲလို့ ကျွန်တော်တို့ထင်တယ်၊ ကျွန်တော်တို့တစ်တွေရဲ့ ဆွေးနွေးမှုတွေဟာ အင်မတန်ကို အဆင်ပြေချောမွေ့နေတယ်၊ ကင်ဂျုံအန်းကလည်း အင်မတန်ပွင့်လင်းတယ်။ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့ မြင်နေ၊ တွေ့နေရတဲ့ထဲမှာ သူဟာ အင်မတန် ဂုဏ်ပြုထိုက်ပါတယ်”ဟု ပြောကြားသည်။ 

မိမိအနေနှင့် လာမည့်မေလအတွင်း သို့မဟုတ် ဇွန်လတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့်တွေ့ဆုံနိုင်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား လက်နက်စွန့်လွှတ်ရေးကို ဖိအားပေးလျက်ရှိပြီး ပြုံယမ်းအစိုးရကို ဒဏ်ခတ်အရေးယူမှုများဖြင့် အစွမ်းကုန်ဖိအားပေးသည့် မူဝါဒအား ဆက်လက်ကျင့်သုံးသွားမည်ဟု ကြေညာထားသည်။ 

သမ္မတထရမ့်ကမူ မြောက်ကိုရီးယားနှင့် ဆွေးနွေးညှိနှိုင်းမှုများအားလုံး အပြုသဘောဆောင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ မြောက်ကိုရီးယားကို လုံးလုံးလျားလျား နျူကလီးယား ကင်းစင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တွေ့မြင်လိုကြောင်း ပြောဆိုသည်။ 

ထို့ပြင် ယခင်အမေရိကန်အစိုးရအဖွဲ့များ၏ အတိတ်ကာလမှ အမှားများအတိုင်း ထပ်မံလုပ်ဆောင်မည်မဟုတ်ကြောင်း ထရမ့်က ဆိုသည်။ “အစွမ်းကုန်ဖိအားပေးမယ့် အစီအစဉ်ကို ဆက်လုပ်နေမှာပါပဲ”ဟု ဆက်လက်ပြောကြားသည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့သည် မကြာမီရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားကြသည်။ ယင်းသို့ တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စုတို့နှင့် တွေ့ဆုံဆွေးနွေးပွဲများ မပြုလုပ်မီ နျူကလီးယားစမ်းသပ်မှုများ ရပ်ဆိုင်းမည်ဟု မြောက်ကိုရီးယားက ကြေညာခဲ့မှုအပေါ် အများစုက ချီးမွမ်းခဲ့သော်လည်း လေ့လာစောင့်ကြည့်သူအချို့က မြောက်ကိုရီးယားကို သတိဖြင့် စောင့်ကြည့်လျက်ရှိသည်။ 

တောင်ကိုရီးယားအခြေစိုက် မြောက်ကိုရီးယားရေးရာ စောင့်ကြည့်သူများကမူ ပြုံယမ်းကွန်မြူနစ်အစိုးရအနေနှင့် အမှန်တကယ် နျူကလီးယားလက်နက် ဖျက်သိမ်းပေးနိုင်ခြင်းရှိ၊ မရှိမှာ သံသယဖြစ်စရာကောင်းကြောင်း သုံးသပ်ကြသည်။ 

F-01



FOLLOW US