News

POST TAGGED AS

မြောက်ကိုရီးယား

ကင်ဂျုံအန်း၏ ပထမဆုံးတရုတ်ခရီးစဉ် အောင်မြင်မှုကြောင့် ၎င်းနှင့်တွေ့ဆုံလိုကြောင်း ဒေါ်နယ်ထရမ့် ပြောကြား


နယူးယောက်၊ မတ် ၂၉

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ပထမဆုံးတရုတ်ပြည်ခရီးစဉ် အလွန်အမင်း အဆင်ပြေချောမွေ့ခဲ့သည်ဟူသော သတင်းကြားရပြီးနောက် အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က ကင်နှင့် တွေ့ဆုံရန် လွန်စွာဆန္ဒရှိနေပါသည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

တရုတ်ပြည်ခရီးစဉ်တွင် ကင်ဂျုံအန်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးမှုများသာမက နျူကလီးယားဖျက်သိမ်းရန် ဆုံးဖြတ်ထားပြီဖြစ်သော အချက်ကို ကင်က ရှီကျင့်ဖျင်အား အသိပေးပြောကြားခဲ့သည်။ အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ တရုတ်အစိုးရက အမေရိကန်အိမ်ဖြူတော်ကို ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် သမ္မတထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် လွန်စွာတွေ့ဆုံလိုသည်ဟု ပြောဆိုလာခြင်းလည်း ဖြစ်သည်။ 

သို့သော် မြောက်ကိုရီးယားအပေါ်ထားရှိသော ဒဏ်ခတ်အရေးယူမှုများနှင့် ဖိအားပေးမှုများကို တွေ့ဆုံဆွေးနွေးမှုမပြုမီ ဆက်လက်ထားရှိထားမည်ဖြစ်သည်ဟု ထရမ့်ကဆိုသည်။ 

ယခုဆိုလျှင် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကိစ္စမှာ ဖြစ်နိုင်ခြေရှိလာပြီဟု ထရမ့်က ပြောကြားသည်။ 

တရုတ်ပြည်ခရီးစဉ်တွင် သမ္မတရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့၏ တွေ့ဆုံဆွေးနွေးမှုများသည် တိုးတက်ဖြစ်ထွန်းမှုများစွာကို ဆောင်ကြဉ်းနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြိုဆိုပါကြောင်း သမ္မတထရမ့်က ပြောကြားသည်။ 

“ယခုဆိုလျှင် ကင်ဂျုံအန်းအနေနဲ့ သူ့ရဲ့ပြည်သူတွေနဲ့ လူသားဆန်မှုအတွက် မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်နိုင်မယ့် အခွင့်အရေးရှိလာပါပြီ”ဟု ထရမ့်က ၎င်း၏ Twitter အကောင့်တွင် ရေးသားဖော်ပြသည်။ ထို့ပြင် ကင်ဂျုံအန်းအနေနှင့်လည်း မိမိနှင့်တွေ့ဆုံရန် ပြင်ဆင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။ 

အမေရိကန်သမ္မတထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့သည် လာမည့်မေလထဲတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ ဧပြီလကုန်ပိုင်းတွင်မူ ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတတို့ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ 

အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားကွန်မြူနစ်အစိုးရတို့၏ ဆက်ဆံရေးသည် လအတန်ကြာ တင်းမာခဲ့သော်လည်း တောင်ကိုရီးယားတွင် ကျင်းပပြုလုပ်သည့် ဆောင်းရာသီအိုလံပစ်ပွဲတော်နောက်ပိုင်းတွင် ပြန်လည်ပြေပြစ်မည့်အခြေအနေသို့ရောက် ရှိလာခဲ့သည်။ 

ကင်ဂျုံအန်းသည် ဇနီးဖြစ်သူနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေးရက်တာ သွားရောက်လည်ပတ်ခဲ့ရာ သမ္မတရှီကျင့်ဖျင်က ကောင်းမွန်စွာ တည်ခင်းဧည့်ခံခဲ့သည်။ ယင်းခရီးစဉ်သည် ကင်ဂျုံအန်းအတွက် ၂၀၁၁ ခုနှစ် အာဏာရရှိလာသည့် အချိန်ကတည်းက ပထမဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်ခဲ့သည်။ 

အဆိုပါခရီးစဉ်တွင် နျူကလီးယားလက်နက်ဖျက်သိမ်းမည့်ကိစ္စကို ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ကင်ဂျုံအန်းက ရှီကျင့်ဖျင်ကို အသိပေးပြောဆိုခဲ့ရာ ကမ္ဘာ့နိုင်ငံအတော်များများက အံ့အားသင့်ခဲ့ကြသည်။

F-01



FOLLOW US