News

POST TAGGED AS

မြောက်ကိုရီးယား

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ရာသက်ပန်အာဏာမြဲရေး တရုတ်ပါလီမန် ဥပဒေပြင်ဆင်


ဘေဂျင်း၊ မတ် ၁၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စီးပွားရေးနှင့် စစ်ရေးဆူပါပါဝါဖြစ်စေရေး ရည်မှန်းချက်ဖြင့် အကြွင်းမဲ့အာဏာကို တရုတ်သမ္မတ ရှီကျင့်ဖျင်လက်ထဲသို့ ထည့်နိုင်ရေးအတွက် သမ္မတသက်တမ်းသတ်မှတ်ချက် ပယ်ဖျက်ခြင်းကို တရုတ်ပါလီမန်အမတ်များက ဆောင်ရွက်ပေးလိုက်ပြီဖြစ်ကြောင်း AFP သတင်းက ဖော်ပြထားသည်။

ခေါင်းဆောင်ဟောင်း တိန့်ရှောင်ဖိန် ဖော်ဆောင်ခဲ့သော အုပ်စုလိုက်ခေါင်းဆောင်ခြင်း အနေအထားကို ပြန်ပြောင်းခဲ့ပြီး မော်စီတုန်းခေတ်အတိုင်း ခေါင်းဆောင်ကြီးက အာဏာပိုင်ထားခြင်းအနေအထားသို့ ပြန်လည်ရောက်ရှိခြင်းဖြစ်သည်။

တရုတ်ပါလီမန်တစ်ခုလုံးတွင် ကန့်ကွက်သူနှစ်ဦးနှင့် ပျက်ကွက်သူ သုံးဦးသာရှိပြီး သမိုင်းဝင် အခြေခံဥပဒေပြင်ဆင်ခြင်းကို ပြုလုပ်ခဲ့သည်။ 

အစိုးရခေါင်းဆောင်နှင့် ပါတီခေါင်းဆောင် “ရှီ” က အကြွင်းမဲ့အာဏာ ရရှိသောအချိန်တွင် တရုတ်လူမှုကွန်ရက်များ၌ ဆင်ဆာဖြတ်ခြင်းကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ငြင်းခုံမှုများ မြင့်တက်နေကြချိန်လည်းဖြစ်သည်။ 

ရှီကျင့်ဖျင်သည် ပြည်သူ့ခန်းမဆောင်ကြီးတွင် မဲပုံးအနီထဲသို့ ၎င်း၏မဲကို ထည့်လိုက်ပြီးနောက်တွင် ပြည်သူ့ကိုယ်စားလှယ်များက လက်ခုပ်ဩဘာပေးပြီး ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

အခြေခံဥပဒေအရ တရုတ်သမ္မတ သက်တမ်းကို ၅ နှစ် နှစ်ကြိမ်လုပ်ထားရာမှ သတ်မှတ်ချက်ကို ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။ 

၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်သော အခြေခံဥပဒေပြင်ဆင်ခြင်းကို လွယ်လင့်တကူပင် ပြီးသွားလိမ့်မည်ဟုအများက မျှော်လင့်သည့်အတိုင်း ဖြစ်လာခဲ့သည်။ 

ကွန်မြူနစ်ပါတီ၏ ရာစုနှစ်ဝက်ကျော် တည်တံ့ခဲ့သည့် ကာလအတွင်းပါတီက ချမှတ်သည်များကို ပါလီမန်က ပယ်ချခဲ့ရိုး လုံးဝမရှိခဲ့ပါပေ။

“ဒါဟာအရေးပေါ် ပြည်သူ့ဆန္ဒဖြစ်ပါတယ်”ဟု ဟေလုံရှန်းပြည်နယ် အရှေ့မြောက်ပိုင်းမှ ပြည်သူ့ကိုယ်စားလှယ် ကျူရှူကျင်းက ပြောကြားခဲ့သည်။ ပါတီကလည်း အခြေခံဥပဒေပြင်ဆင်မှုကို ပြည်သူတစ်ရပ်လုံးက ထောက်ခံကြသည်ဟု ဖော်ပြထားသည်။ 

၆၄ နှစ်အရွယ် ရှီကျင့်ဖျင်သည် ၂၀၁၂ ကတည်းက နိုင်ငံတော်အာဏာကိုရခဲ့ပြီး ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးချုပ်နေရာကိုလည်း ပါတီတွင် နေရာရထားသည်။ 

ပါတီခေါင်းဆောင်ရာထူးကို သက်တမ်းသတ်မှတ်ထားခြင်း မရှိသော်လည်း ၎င်း၏ရှေ့မှ ခေါင်းဆောင်နှစ်ဦးက တိန့်ရှောင်ဖိန်ချမှတ်ခဲ့သော လမ်းစဉ်အတိုင်း သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ပြီးသော် ရာထူးပြန်အပ်ခဲ့ကြသည်။ 

F-02




FOLLOW US