News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယားတွင် ယခင်အကြိမ်များထက် ကြီးမားသော နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိ
ဆိုးလ်၊ စက်တင်ဘာ ၉

မြောက်ကိုရီးယားသည် ၎င်းယခင်က ပြုလုပ်ခဲ့ဖူးသည့် နျူကလီးယား စမ်းသပ်မှုများထက် ကြီးမားသော နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတစ်ခုကို ယနေ့မနက် အစောပိုင်းက ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယား အာဏာပိုင်များ၏ ပြောကြားမှုကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

အင်အား ၅.၃ အဆင့်ရှိ ငလျင်တစ်ခု မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ရေးကွင်း အနီးတွင် လှုပ်ခတ်သွားကြောင်း ထောက်လှမ်းသိရှိရရာမှ ထိုကဲ့သို့ နျူကလီးယား စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင်ကလည်း ထိုနေရာတဝိုက်တွင် သဘာဝအလျောက် မဟုတ်သော ငလျင်လှုပ်ခတ်မှုများ ထောက်လှမ်းမိခဲ့ရာ အကြိမ်တိုင်းသည် နျူကလီးယား စမ်းသပ်မှုကြောင့် လှုပ်ခတ်သော ငလျင်များ ဖြစ်နေခဲ့သည်။

ယခုတစ်ကြိမ် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုသည် မြောက်ကိုရီးယား၏ ၅ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုဖြစ်ပြီး ၎င်းပြုလုပ်ခဲ့ဖူးသမျှ စမ်းသပ်မှုများထဲတွင် အင်အားအပြင်းဆုံး ဖြစ်သည်ဟုလည်း တောင်ကိုရီးယား အာဏာပိုင်များက ပြောကြားထားသည်။

တောင်ကိုရီးယား အာဏာပိုင်များ၏ ပြောကြားချက်နှင့် ပတ်သက်၍ မြောက်ကိုရီးယားဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးချေ။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ပြောလုပ်ခဲ့ပြီး စမ်းသပ်မှုအပြီးတွင် အက်တမ်ဗုံးတစ်လုံး အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။

သို့ရာတွင် နျူကလီးယား ကျွမ်းကျင်ပညာရှင်များကမူ ယင်းကြေညာချက်အပေါ် သံသယဝင်ခဲ့ကြသည်။

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်တိုင်း နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လေ့ရှိပြီး ယခုတစ်ကြိမ်တွင်လည်း နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ကြောင်း အထောက်အထား ခိုင်ခိုင်မာမာ တွေ့ရှိရပါက ပိတ်ဆို့မှုများ တိုးမြှင့်ပြုလုပ်သွားဖွယ် ရှိနေသည်။



FOLLOW US