News

POST TAGGED AS

မြောက်ကိုရီးယား

ပြည်မြို့နယ် NLD ပြန်ကြားရေးတာဝန်ခံကို အီလက်ထရောနစ် ဥပဒေဖြင့် အမှုဖွင့်
ပြည်၊ စက်တင်ဘာလ ၂၈

အွန်လိုင်းပေါ်တွင် ခိုးဝင်ဘင်္ဂါလီများ တုတ်၊ ဓားလက်နက်များဖြင့် စာသင်ကျောင်းသို့ ရောက်ရှိလာသည်ဟု ရေးသားခဲ့သည့် ပြည်မြို့နယ် NLD ပြန်ကြားရေးတာဝန်ခံကို အီလက်ထရောနစ် ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်မြို့နယ်၊ အမှတ် ၃ နယ်မြေရဲစခန်း ရဲအုပ်အောင်မြတ်ခိုင်က ပြောကြားသည်။

စက်တင်ဘာလ ၈ ရက်နေ့တွင် ပြည်မြို့ ရွှေတံခါးအ.ထ.က ခွဲ ကျောင်းသို့ ခိုးဝင်ဘင်္ဂါလီများ လက်နက်ကိုင်ဆောင်ပြီး ဝင်လာခဲ့သည်ဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားရာမှ ပြည်၊ ရွှေတောင်၊ ပေါက်ခေါင်းမြို့ရှိ ကျောင်းများတွင် ကျောင်းသားမိဘများ လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က အလျင်အမြန် လုံခြုံရေးယူပေးခဲ့ရကြောင်း၊ ယင်းသို့ ရေးသားခြင်းမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့်အတွက် ယခုကဲ့သို့ အမှုဖွင့်အရေးယူခြင်း ဖြစ်ကြောင်း အဆိုပါစခန်းမှ စုံစမ်းသိရှိရသည်။

“မြို့နယ်ဥပဒေအကြံပေးက ဒီလိုစွဲလို့ရတယ် အကြံပေးတယ်။ ကျွန်တော်တို့ အမှုဖွင့် အရေးယူထားတယ်။ နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတဲ့ အရေးအသားတွေ အွန်လိုင်းပေါ်ကနေရေးလို့ အမှုဖွင့်ထားတာပါ” ဟု ရဲအုပ် အောင်မြတ်ခိုင်က ပြောဆိုသည်။

အဆိုပါ အမှုကို နေပြည်တော်ရှိ ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ တရားစွဲဆိုရန် ခွင့်ပြုတောင်းခံပြီး လုပ်ဆောင်သွားမည်ဖြစ်ကာ အဆင့်ဆင့် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းနေ့က အိန္ဒိယနိုင်ငံသားနှစ်ဦး ဓားများနှင့် စာသင်ကျောင်းသို့ ရောက်ရှိလာသည်ဟု ဒေသခံများက သတင်းပေးခဲ့သည်ကို ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်သို့ တင်ခဲ့ကြောင်း၊ ယင်းနောက် ကျောင်းသို့ ချက်ချင်းလိုက်သွားရာတွင် ဖြစ်စဉ်မှာ မဟုတ်မှန်သည့်အတွက် ယင်းပို့စ်ကို ချက်ချင်းပြန်ဖျက်ပေးခဲ့ကြောင်း NLD မြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဉာဏ်ဝင်းက ပြောဆိုသည်။
“အမှုဖွင့်ထားတယ်လို့တော့ သိတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်အတွက် ပါတီတွင်း၌လည်း အဆင့်ဆင့် တင်ပြထားပြီး လက်ရှိရေးသားခဲ့သူမှာ ပြန်ကြားရေးတာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်း ပြည်ခရိုင်၊ NLD အတွင်းရေးမှူး ဦးခင်မောင်သန်းက အတည်ပြု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် (၃) နယ်မြေရဲစခန်းက စက်တင်ဘာလ ၂၇ ရက်နေ့တွင် အီလက်ထရောနစ် ဥပဒေ ၃၃ (က) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းစခန်းမှ စုံစမ်းသိရှိရသည်။

M-06



FOLLOW US