News

POST TAGGED AS

မြေအက်ကြောင်း

ခန္တီးမြို့နယ် ပါဆောင်ကျေးရွာ မြေအက်ကြောင်းဖြစ်၍ နေအိမ်များ ရွှေ့ပြောင်း
ကလေး၊ ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ပါဆောင်ကျေးရွာတွင် မိုးဆက်တိုက်ရွာသွန်းပြီးနောက် မြေအက်ကြောင်းဖြစ်ပေါ်ပြီး မြေသားနိမ့်ကျခြင်းတို့ကြောင့် နေအိမ်များ ပြောင်းရွှေ့နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

ယခုလအတွင်း မိုးဆက်တိုက်ရွာနေခြင်းကြောင့် ပါဆောင်ကျေးရွာ အရှေ့ဘက်ခြမ်း လူနေအိမ်များအနီးတွင် အရှည်ပေ ၁၀၀ ခန့်ရှိ မြေအက်ကြောင်း ဖြစ်ပေါ်ခဲ့ပြီးနောက် မြေသားမှာ အောက်သို့ တစ်ပေခန့် နိမ့်ကျနေကြောင်း ပါဆောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြောင်ချမ်းက ပြောကြားသည်။ 

မြေသားနိမ့်ကျခဲ့သည့်အတွက် ဇွန်လ ၁၄ ရက်နေ့က နေအိမ်လေးလုံး ပြောင်းရွှေ့ခဲ့ရပြီး လူနေအိမ်ရှစ်လုံးမှာလည်း ထပ်မံပြောင်းရွှေ့ရမည်ဖြစ်ကြောင်း၊ လူနေအိမ်များ ပြောင်းရွှေ့ရမှုအနေနှင့် ယင်းနေအိမ် ၁၂ လုံးမှ လူဦးရေ ၄၀ ကျော်သည် ပါဆောင်ကျေးရွာရှိ ရပ်ကွက်အသစ် ဖော်ထုတ်ထားသည့် အမှတ် (၁) ရပ်ကွက်ဘက်ခြမ်းသို့ ပြောင်းရွှေ့နေထိုင်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“နေအိမ်တွေ ရွှေ့ဖို့ပဲကျန်တော့တယ်။ လူတွေကတော့ သူတို့နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ နေထိုင်နေကြတယ်”ဟု ဦးကြောင်ချမ်းက ဆိုသည်။

ပါဆောင်ကျေးရွာသည် ခန္တီး-ထန်းပါ ခွေသွားသည့် လမ်းဘေးတွင်တည်ရှိကာ တောင်စောင်းတွင် တည်ဆောက်ထားသည့် ကျေးရွာဖြစ်ပြီး အိမ်ခြေ ၇၀ ကျော်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်းကလည်း အဆိုပါရွာတွင် မြေအက်ကြောင်း ဖြစ်ပေါ်ကာ မြေသားနိမ့်ကျခဲ့ခြင်းကြောင့် လူနေအိမ်လေးလုံး ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

R-20




FOLLOW US