News

POST TAGGED AS

မြေယာ

30-Jul-2018

မကွေး မြေယာ
မကွေးရှိ အသိမ်းခံမြေများ ဒီဇင်ဘာလအတွင်း ပြန်ပေးမည်
မကွေး၊ ဇူလိုင် ၂၉

မကွေးတိုင်းအတွင်းရှိ သိမ်းဆည်းခံထားရသည့် မြေများအနက်မှ တပ်သိမ်းမြေများမှလွဲ၍ အခြားသိမ်းဆည်းခံမြေများနှင့်ပတ်သက်၍ ယခုနှစ် ဒီဇင်ဘာလအတွင်း ပြီးပြတ်အောင်ဖြေရှင်းမည်ဖြစ်ကြောင်း တိုင်းလယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ပြောကြားသည်။

ဇူလိုင် ၂၉ ရက်နေ့က အသိမ်းဆည်းခံ လယ်ယာမြေများနှင့် အခြားမြေများပြန်လည်ပေးအပ်ရန်အတွက် မကွေးမြို့နယ် ရုံးပေါင်းစုံအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အသိမ်းဆည်းခံ မြေတွေပြန်ပေးဖို့အတွက် ဌာနဆိုင်ရာနဲ့ တပ်တွေက ပူးပေါင်းပါဝင်မှု အားနည်းနေပါသေးတယ်။ အဲဒါကြောင့် တပ်သိမ်းမြေတွေကလွဲပြီး တခြားမြေတွေကို ဒီဇင်ဘာလထဲ အပြီးရှင်းနိုင်အောင် လုပ်ပါမယ်။ ခက်ခဲပြီး အရေးကြီးပြဿနာတွေ ဖြေရှင်းဖို့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ တပ်သိမ်းမြေတွေနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ခက်တယ်”ဟု အဆိုပါအဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ပြောဆိုသည်။

အသိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ပေးအပ်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် ထပ်မံဖြည့်သွင်းလိုက်သည့် မူဝါဒများကို ပြန်လည်စိစစ်ရန်အတွက် ဇူလိုင် ၂၈ နှင့် ၂၉ ရက်နေ့တို့တွင် မကွေးခရိုင်အဆင့် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

မကွေးတိုင်းအတွင်းရှိမြို့နယ် ၂၅ ခု တွင် မကွေးမြို့နယ်သည် လယ်ယာမြေနှင့် အခြားမြေများ အများဆုံးအသိမ်းဆည်းခံရသည့်မြို့ဖြစ်ပြီး တိုင်ကြားအမှုပေါင်း ၈၀ ကျော်ရှိပြီး ၄၀ကျော်အား တိုင်းအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများထံ တင်ပြခဲ့ပြီး အသိမ်းဆည်းခံမြေပိုင်ရှင်များအတွက် မြေနှင့်ထိုက်တန်သည့် လျော်ကြေးငွေများပြန်လည်ရရှိအောင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း မကွေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောကြားသည်။

“ကျွန်တော်တို့အစိုးရ လက်ထက်မှာ လယ်ယာမြေအသိမ်းဆည်းခံရတဲ့ တောင်သူတွေအတွက် ထိုက်တန်တဲ့ နစ်နာကြေးတွေ လျော်ကြေးတွေ ပေးခဲ့ပါတယ်။ လက်ရှိ စစ်ဆေးနေတာတွေလည်းရှိတယ်။ စစ်ဆေးတဲ့နေရာမှာလည်း ဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ချက်တွေ ရှိနေသေးလို့ပါ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောပြသည်။

၎င်းတို့ အစိုးရလက်ထက်တွင် အသိမ်းဆည်းခံရသည့် မြေများအတွက် မြေနေရာအနေအထားအရ တစ်ဧကလျှင် အနည်းဆုံးကျပ်သိန်း ၁၀၀ နှင့် ကျပ်သိန်း ၂၅၀ ကျော်ထိ လျော်ကြေးပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၄ ခုနှစ်က မကွေးတိုင်း တောင်သူလယ်သမားသမဂ္ဂအဖွဲ့၏ စစ်တမ်းများအရ တိုင်းအတွင်း၌ သိမ်းဆည်းမြေဧက လေးသိန်းခွဲကျော်ရှိကြောင်း တိုင်းလယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီထံမှ သိရသည်။

လွင်အေး




FOLLOW US