POST TAGGED AS

မြေယာ

ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးစရိတ်ချေးငွေ ဩဂုတ်လကုန်အထိ ပေးမည်
ပုသိမ်၊ ဇူလိုင် ၁၀

ဧရာဝတီတိုင်းအတွင်းရှိ တောင်သူလယ်သမားများကို မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ဩဂုတ်လကုန်အထိ ကာလတိုး၍ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲထံမှ သိရသည်။

ယခင်က ဇွန်လကုန်အထိသာ ထုတ်ချေးပေးမည်ဟု ထုတ်ပြန်ထားသော်လည်း တောင်သူများ ကျန်ရှိနေသေးသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ကာလတိုး၍ ထုတ်ချေးပေးရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါဘဏ်ခွဲထံမှ သိရသည်။

“ပထမကတော့ ဇွန်လကုန်အပြီး ချေးပေးရမယ်လို့ ညွှန်ကြားခဲ့ပေမယ့် လုပ်ငန်းတွေ မပြီးပြတ်သေးဘူး။ ချေးငွေထုတ်ပေးရမယ့် လယ်သမားတွေ ကျန်သေးတယ်။ ဒါကြောင့် ဇူလိုင်လကုန်အထိ ချေးပေးမယ်။ ကျန်သေးရင် ဝန်ထမ်းအင်အားဖြည့်တင်းပေးမှုနဲ့အတူ ဩဂုတ်လကုန်အထိ ချေးပေးမှာပါ” ဟု ယင်းတိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က ပြောဆိုသည်။

ယခင်က မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ၃ ယောက်တစ်ဖွဲ့ချေးပေးခြင်းစနစ်မှ လယ်သမားတစ်ဦးချင်း တာဝန်ယူတာဝန်ခံမှုဖြင့် ချေးငွေထုတ်ပေးသည့်စနစ်ကို ၂၀၁၈ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေမှစ၍  ဆောင်ရွက်ခဲ့ပြီး လယ်သမားတစ်ဦးချင်း ချေးငွေများ အကျေပေးဆပ်ပြီးပါက မိုးရာသီချေးငွေများကို ထုတ်ချေးပေးနေကြောင်း၊ ယင်းသို့ ထုတ်ချေးရာတွင် လယ်ယာမြေပုံစံ (၇) မူရင်းကို တင်ပြရမည်ဖြစ်ပြီး တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ချေးပေးနေသော်လည်း ချေးငွေနှုန်းထားနှင့် အတိုးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲထံမှ သိရသည်။

“ကျွန်တော်က မြောင်းမြမြို့ပေါ်မှာနေပြီး လင်းဒိုင့်ဒေါင့်ကြီးကျေးရွာမှာ လယ်လုပ်နေတာ။ ချေးငွေကြွေးကျန်လည်း မရှိဘူး။ အကုန်ဆပ်ပြီးနေပြီ။ အဲဒါ အိမ်ထောင်စုစာရင်းက မြို့ပေါ်မှာမို့လို့တဲ့ မိုးစပါးချေးငွေမရဘူး ဖြစ်နေတယ်။ တချို့လယ်သမားတွေလည်း ချောင်းဒီဘက်မှာနေပြီး ဟိုဘက်မှာ လယ်လုပ်နေပေမယ့် ကျေးရွာအုပ်စုချင်းမတူလို့ဆိုပြီး ချေးငွေမရတာတွေလည်းရှိနေတယ်” ဟု လယ်သမား ဦးဇော်မင်းသွင်က ပြောပြသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃၆ သိန်းကျော်ရှိပြီး ယခင်နှစ်က မိုးစပါးစိုက်ပျိုးစရိတ် ကြွေးကျန် ကျပ်သန်း ၆၇၅၀၀ ကျော်ကျန်ရှိနေကြောင်း၊ ယခုနှစ်တွင် ကျေးရွာအုပ်စု ၁၇၀၀ ကျော်မှ လယ်သမား ၁၈၆၇၁ ဦးသို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း ၂၇၃,၁၀၀ ကျော်ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲထံမှ သိရသည်။

R-11



FOLLOW US