News

POST TAGGED AS

မြေယာ

ရထားလမ်းစီမံကိန်းကြောင့် သိမ်းဆည်းမြေများကို လယ်ပြန်လုပ်နိုင်ရန် မြေညှိပေး
စစ်တွေ၊ မေ ၂၃

စစ်တွေ- အမ်း- မင်းဘူး ရထားလမ်း စီမံကိန်းအတွက် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်တွင် သိမ်းဆည်းခဲ့သောမြေဧက ၁၀၀၀ ကျော်ကို အစိုးရက ပြန်လည်စွန့်လွှတ်ပြီး လယ်ပြန်လုပ်နိုင်ရန် မြေညှိပေးမည်ဖြစ်ကြောင်း စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းရုံးထံမှ သိရသည်။ 

အဆိုပါ မြေများအနက် ၆ လတာ မီနီဘတ်ဂျက်၌ ကျောက်တော်မြို့နယ် (မဟာမုနိဘူတာ) မှ မြောက်ဦးမြို့သို့ ၁ မိုင်ခန့် မြေညှိပေးမည်ဖြစ်ကြောင်း၊ ဧပြီလမှ စက်တင်ဘာလအထိ မီနီဘတ်ဂျက်တွင် လယ်ဧက ၅၀ ကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်ရှိတွင် ၄ ဧကကျော်ကို မြေညှိပြီးနေကြောင်း၊ ၂၀၁၈- ၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် ဆက်လက်ကာ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း စစ်တွေ-မင်းဘူး ရထားလမ်း စီမံကိန်းရုံးမှ မန်နေဂျာ ဦးဝင်းထွဋ်က ဆိုသည်။

“မိုးများတဲ့ဒေသလည်းဖြစ်တော့ အခုမိုးရာသီလည်း ဝင်တော့မယ်ဖြစ်လို့ မိုးတွင်းကာလမှာ လုပ်ရကိုင်ရတာ အဆင်မပြေဖြစ်တယ်။ မိုးကုန်သွားရင်တော့ ပိုမြန်ဆန်သွားမယ်။ အခုကလည်း မီနီဘတ်ဂျက်ထဲက လုပ်နေတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

“မြေတွေက အကုန် ခုနစ်ရာ ဝန်းကျင်လုပ်ပေးရမှာ ကျန်မြေတွေက ပလပ်မြေတွေဖြစ်နေတော့လည်း ကျွန်တော်တို့က မြေကိုညှိပေးပြီး မူလကလယ်ပုံစံအတိုင်း စိုက်ပျိုးလို့ရအောင် လုပ်ပေးဦးမယ်။ ပြီးမှတော့ အဲဒီပလပ်မြေကတစ်မျိုးပေါ့”ဟု ဦးဝင်းထွဋ်က ရှင်းပြသည်။

ရထားလမ်းကိုဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သောအပေါ်မှ အစိုးရတစ်ရပ်အနေနှင့် တောင်သူလယ်သမားများ နစ်နာမှုမရှိရန် ဖျက်သိမ်းပေးခြင်းသည် တောင်သူများ၏ မျှော်လင့်ချက် သဘောဆန္ဒအတိုင်းဖြစ်ကြောင်း မိမိတို့အနေနှင့် နဂိုမူလအတိုင်း လုပ်ကိုင်စားသောက်နိုင်ရန် အဓိကဖြစ်ကြောင်း မြောက်ဦးမြို့နယ်မှ တောင်သူ ဦးတင်ရွှေက ဆိုသည်။

မိုင်ပေါင်း ၂၉၉ မိုင်ကျော်ရှည်လျားသည့် စစ်တွေ-အမ်း-မင်းဘူးရထားလမ်းကို ၂၀၀၉ ခုနှစ်မှစတင်ကာ ဖောက်လုပ်ခဲ့ပြီး ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်း ၃၂ မိုင်ကျော်ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် စတင်ဖောက်လုပ်ခဲ့သည်။ 

ထိုသို့ဖောက်လုပ်ရာ ရှေးဟောင်းအမွေအနှစ်များတည်ရှိသည့် ယဉ်ကျေးမှုဇုန်နယ်မြေများဖြစ်၍ စေတီပုထိုးများ၊ ခံတပ်များ၊ ကျုံးများ စသည်ဖြင့် ရှေးဟောင်းအမွေအနှစ်များအချို့ ပျက်စီးခြင်းကြောင့် ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံများ ကန့်ကွက်သောကြောင့် ၂၀၁၄ ခုနှစ် ဧပြီလတွင် ရထား ပို့ဆောင်ရေးဝန်ကြီးဌာနက လုပ်ငန်းကို ရပ်ဆိုင်းလိုက်သည်။

R-22



FOLLOW US