News

POST TAGGED AS

မြေပုံ

မိတ္ထီလာဖွံ့ဖြိုးရေး 3D မြေပုံ ထုတ်လုပ်ရေး ၈၀ ရာခိုင်နှုန့်ခန့်ပြီးစီး


မိတ္ထီလာ၊ မတ် ၃

မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် 3D အသုံးချ မြေပုံထုတ်လုပ်ရေး လုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်(မိတ္ထီလာ) မောင်းသူမဲ့လေယာဉ် သုတေသနဌာနမှူး ပါမောက္ခ ဒေါက်တာသဲမောင်မောင်က ပြောကြားသည်။ 

ယင်းလုပ်ငန်းကို မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (မိတ္ထီလာ) မောင်းသူမဲ့လေယာဉ် သုတေသနဌာနနှင့် မိတ္ထီလာမြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ ၂၀၁၇ ခုနှစ် ဩဂုတ်လကစတင်ကာ လုပ်ဆောင်နေခြင်းဖြစ်သည်။ 

“မြေပုံထုတ်တဲ့လုပ်ငန်းက (၈၀) ရာခိုင်နှုန်းပြီးနေပြီ။ အချက်အလက်ထည့်တာက ၅၀ ရာခိုင်နှုန်းပြီးပြီ။ ကျွန်တော်တို့က Drone နဲ့ မြေပုံထုတ်တယ်။ အချက်အလက်တွေက စည်ပင်က ကောက်ပေးတာ”ဟု ဒေါက်တာ သဲမောင်မောင်က ပြောဆိုသည်။ 

ယင်းမြေပုံကို ကြည့်လိုက်သည်နှင့် ရပ်ကွက်၊ လူနေအိမ်၊ စီးပွားဆိုင်ရာ အချက်အလက်၊ ရေပေးဝေရေးစနစ် စသည်ဖြင့် အသေးစိတ် အချက်အလက်များကိုပါ သိရှိနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ 3D အသုံးချမြေပုံ ထုတ်လုပ်ရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးရန်အတွက် Mapping (မြေပုံထုတ်လုပ်ခြင်း) လုပ်ငန်းအနေနှင့် တစ်လခန့် ကြာမြင့်ဦးမည်ဖြစ်ကာ အချက်အလက် ထည့်သွင်းခြင်းလုပ်ငန်းအတွက် နှစ်လခန့် အချိန်ယူရဦးမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

“ကောင်းကင်ဓာတ်ပုံထုတ်ဖို့ ကျန်နေတဲ့အကွက်တွေကို ဒီနေ့ (မတ်လ 3D ရက်) မှာ မောင်းသူမဲ့လေယာဉ်နဲ့ အပြီးသတ် ဓာတ်ပုံရိုက်မယ်”ဟု မိတ္ထီလာ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားသည်။ 

မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် 3D အသုံးချ မြေပုံထုတ်လုပ်ရေးလုပ်ငန်းအတွက် ကျပ်သိန်း ၂၂၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောဆိုသည်။ 

R-01




FOLLOW US