News

POST TAGGED AS

ဟော့ကင်း

30-Sep-2016

ဟော့ကင်း
အနာဂတ်အတွက် လူသားတို့သည် အာကာသတွင် နေထိုင်စရာ ရှာရန်မှတစ်ပါး အခြားနည်းလမ်း မရှိဟုဆို
လန်ဒန်၊ စက်တင်ဘာ ၂၉

အနာဂတ်တွင် ကမ္ဘာကြီးသည် ပြည့်ကျပ်လာပြီး စက်ရုပ်များ စိုးမိုလာမှုကြောင့် လူသားတို့သည် အာကာသထဲတွင် နေထိုင်စရာ နေရာအသစ်များကို ရှာဖွေရန်မှတစ်ပါး အခြားနည်းလမ်း မရှိကြောင်း ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း၏ ပြောကြားချက်ကို The Guardian သတင်းတွင် ဖော်ပြထားသည်။ 

သတင်းသမား ဂျူလီယန်ဂူသာရီ ရေးသားသည့် How to Make a Spaceship ဆိုသည့် စာအုပ်ထဲတွင် ပါမောက္ခ ဟော့ကင်းက ကမ္ဘာမြေကြီးသည် စစ်ပွဲများ၊ ရောဂါဆန်းများဖြင့် အလွန်ကြောက်ရွံ့ စိုးရိမ်ဖွယ်ရာ နေရာတစ်နေရာ ဖြစ်လာနိုင်ကြောင်း ပြောကြားချက်ကို ကိုးကားပြီး စာရေးသူက အထောက်အထားများဖြင့် ဖော်ပြထားကြောင်း ယင်းသတင်းက ဆိုသည်။

ယင်းစာအုပ်ထဲတွင် ဟော့ကင်းက တစ်နေ့တွင် ကမ္ဘာမြေကြီးပေါ်၌ နျူကလီးယားစစ်ပွဲများ၊ လူသားတို့ တီထွင်စမ်းသပ်နေသည့် ဗိုင်းရပ်စ်ပိုးများနှင့် အခြားနည်းပညာများကြောင့် ကပ်ဆိုးဘေးဆိုးကြီးများ ကျရောက်လာနိုင်ကြောင်း၊ ထိုပြဿနာများကို ရှောင်လွှဲနိုင်ရန် အလို့ငှာ လူသားတို့သည် အာကာသအတွင်း ခြေဆန့်ပြီး နေရာသစ် ရှာဖွေနေထိုင်ကြရန်ကလွဲပြီး အခြားနည်းလမ်း မရှိကြောင်း ရေးသားထားသည်။ 

ပါမောက္ခ ဟော့ကင်းသည် ယခုနှစ် အစောပိုင်း ဇန်နဝါရီလကလည်း ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် အထက်ပါ မှတ်ချက်မျိုးကို ပေးခဲ့ဖူးကြောင်း ဘီဘီစီကလည်း ပြောကြားသည်။

လူသားတို့သည် မိမိတို့ တီထွင်သည့် နည်းပညာများကြောင့်ပင် လူသားတစ်ခုလုံးကို မျိုးသုဉ်းသွားစေရန် ဖန်တီးနိုင်ကြောင်း သူက ကြိုတင်သတိပေးခဲ့ပြီး ဖြစ်သည်။

အသက် ၇၄ နှစ်အရွယ် ရှိပြီဖြစ်သော ပညာရှင် ဟော့ကင်းက နျူကလီးယားစစ်ပွဲနှင့် ကမ္ဘာကြီး ပူနွေးလာမှုတို့သည် လူသားထုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် အန္တရာယ် ဖြစ်ကြောင်းလည်း သတိပေးထားသည်။

“ကျွန်တော်တို့ဟာ တီထွင်နေတာတွေကို ရပ်ခိုင်းလို့ ရတော့မှာ မဟုတ်ပါဘူး။ နောက်ကြောင်းပြန်ခိုင်းလို့လည်း မရတော့ဘူး။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အကြိမ်ကြိမ် သတိပေးပြီး မဖြစ်အောင် ဘယ်လိုထိန်းချုပ်မလဲ ဆိုတာပဲ လုပ်မှရတော့မယ်” ဟု ဟော့ကင်းသည် Radio Times နှင့် အင်တာဗျူးတွင်လည်း ထည့်သွင်းပြောကြားခဲ့သည်။

လူသားများအနေနှင့် လာမည့် နှစ် ၁၀၀ အတွင်း အာကာသအတွင်း အခြားနေထိုင်နိုင်မည့် နေရာသစ်တစ်ခုကို ရှာဖွေနေထိုင်နိုင်ရေး ဆိုသည်မှာ မဖြစ်နိုင်သေးကြောင်း၊ ထို့ကြောင့် ကမ္ဘာကို မပျက်စီးစေရန် လူသားများ ထိန်းသိမ်းနေထိုင်ကြစေလိုကြောင်း ဟော့ကင်းက ဆိုသည်။ 



FOLLOW US