News

POST TAGGED AS

ဟောင်ကောင်

ဟောင်ကောင်ရွှေပြပွဲသို့ ပြည်တွင်းမှရွှေထည်များ တင်ပို့မည်
ရန်ကုန်၊ ဇန်နဝါရီ ၃၁

ဟောင်ကောင်တွင် မတ်လ၌ကျင်းပမည့် ရွှေပြပွဲသို့ ပြည်တွင်းဖြစ် ရွှေအချောထည်များကို စတင်၍ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ယခင်က နိုင်ငံတကာပြပွဲများသို့ သွားရောက်ပြသခဲ့သော်လည်း အစိုးရက ရွှေကို တရားဝင် တင်ပို့ခွင့်မပြုသဖြင့် ကုန်သည်အချင်းချင်း ရွှေတင်ပို့ရောင်းချရန် ကမ်းလှမ်းခဲ့သော်လည်း တင်ပို့နိုင်ခြင်းမရှိခဲ့ကြောင်း၊ ယခုအခါတွင်မူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရွှေတရားဝင် တင်ပို့ခွင့်ပြုခဲ့သဖြင့် ရောင်းချမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဟောင်ကောင်ပြပွဲမှာ ပတ္တမြားတို့၊ ကျောက်စိမ်းတို့နဲ့ ရွှေကိုလုပ်ပြီး ရောင်းမှာဖြစ်တဲ့အတွက် အရည်အသွေးကို နိုင်ငံခြားကုန်သည်တွေက ကြိုက်တယ်။ ဒီပွဲက တစ်ကမ္ဘာလုံးမှာရှိတဲ့ ရွှေကုန်သည်တွေလာတဲ့အတွက် ကုမ္ပဏီအချင်းချင်း ရွှေတင်ပို့ဖို့ကို ညှိလို့ရတယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းရွှေကို အဓိကထားတင်ပို့မည့် ဈေးကွက်မှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ဒီပါဝလီနေ့ အခမ်းအနားနှင့် မင်္ဂလာဆောင်ပွဲများသည့် လများတွင် ရွှေကို ဝယ်ယူမှုများလေ့ရှိကြောင်း၊ ရွှေအချောထည်များအပြင် ရွှေတုံးများကိုလည်းရောင်းချရန် ကုန်သည်များအချင်းချင်း ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ဟောင်ကောင်လုပ်ငန်းရှင်များက တရုတ်နိုင်ငံမှရွှေများကို တင်သွင်းပြီး ပြည်တွင်း၌ လက်ဝတ်ရတနာများကို ထုတ်လုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့လိုပြီး ပြည်တွင်းလုပ်ငန်းရှင်များနှင့်လည်း ဖက်စပ်လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း ရွှေလုပ်ငန်းရှင် ဦးအောင်မြင့်က ပြောကြားသည်။

“ကျောက်စိမ်း၊ ကျောက်မျက်နဲ့ပတ်သက်ရင် နိုင်ငံခြားကို တရားဝင်တင်ပို့လို့ မရသေးဘူး။ ဒါပေမဲ့ ရွှေနဲ့အချောထည်လုပ်ထားရင် ရောင်းချခွင့်ရှိပါတယ်။ ဈေးကွက်ထဲမှာလည်း အဲဒီလိုမျိုး ရောထားတဲ့ဟာတွေက ပိုပြီးလူကြိုက်များတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကျောက်စိမ်း ကျောက်မျက် အရိုင်းတုံးများ တင်ပို့မှုကို ကန့်သတ်ထားပြီး အချောထည်များကိုလည်း ပြည်တွင်းတွင် ပြပွဲများကျင်းပမှသာ ရောင်းခွင့်ရှိကြောင်း၊ ရွှေထည်များတွင် သုံးစွဲနေသည့် ကျောက်များမှာ အသေးစားများဖြစ်သောကြောင့် ပြည်ပသို့ တင်ပို့ရောင်းချခွင့် ပေးထားကြောင်း ကျောက်မျက်လုပ်ငန်းရှင်များထံမှ သိရသည်။

ပြည်ပသို့ ရွှေတင်ပို့ခွင့်၊ ပြည်ပမှ ရွှေပြန်လည်တင်သွင်းခွင့်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယခုလအတွင်း တရားဝင် လုပ်ကိုင်ခွင့်ပြုခဲ့သည်။

J-13



FOLLOW US