News

POST TAGGED AS

သွေးလွန်တုပ်ကွေး

အထူးသတိထားသင့်သည့် သွေးလွန်တုပ်ကွေး အန္တရာယ်
ယခုလို မိုးဦးဝင်စမိုးများတဲ့ ကာလမှာ အဖြစ်အများဆုံးနဲ့ သတိထားကာကွယ်ဖို့ အသင့်ဆုံး ရောဂါတစ်ခုကို ပြောပါဆိုရင် သွေးလွန်တုပ်ကွေးရောဂါကိုပဲ လက်ညှိုးထိုးပြရမှာပဲ ဖြစ်ပါတယ်။ ဒီသွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီးတော့ ယခု ၂၀၁၇ ခုနှစ်မှာ ပိုမိုအဖြစ်များလာပြီး ကပ်ရောဂါအသွင်တောင် ဖြစ်လာနိုင်တယ်လို့ အထူးကုဆရာဝန်ကြီးတစ်ဦး ပြောထားတာကိုလည်း သတင်းတွေမှာ တွေ့နေကြရမှာပါ။ ဒါ့အပြင် ယခုရက်ပိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာမည် ဖြစ်ကြောင်း ကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားပါသေးတယ်။ ရန်ကုန်တိုင်းမှာ နှစ်စကနေ ဇွန်လ ပထမပတ်အထိ ဖြစ်ပွားသူ ၁,၅၂၀ ဦးရှိကာ သေဆုံးသူကိုးဦး ရှိခဲ့ပြီး  သေဆုံးမှုတွေထဲမှာ ကလေးငယ် အများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်ပိုင်းက ဆိုရင်လည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၆ မြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၉၀၀ လောက်ရှိခဲ့ပြီး ၁၁ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ့အသံရဲ့ ဆွေးနွေးမှု အစီအစဉ်တစ်ခုမှာ ပညာပေး ပြောကြားသွားခဲ့တာကိုလည်း ကြားမိလိုက်ပါသေးတယ်။

ဘာ့ကြောင့် ဒီရောဂါဖြစ်ပွားရတာလဲ 

ဒီကာလမှာ ဒီလိုသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်ရတာဟာ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပြီး အပူချိန် မြင့်နေရာမှ ရုတ်တရက် မိုးရွာသွန်းမှုကြောင့် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန သွေးလွန်တုပ်ကွေး စီမံကိန်းမန်နေဂျာ ဒေါက်တာခင်နန်းလုံက ပြောကြားခဲ့ပါတယ်။ “ဒီအချိန်က ပုံမှန်တော့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု လျော့နေကျပါ။ ဒါပေမဲ့ နေ့အပူချိန်တွေ အရမ်းများပြီးတော့မှ ခုလို မိုးရွာလိုက်တော့ ခြင်တွေပေါက်ဖွားမှု ပိုမိုမြန်ဆန်လာတယ်။ ဒါကြောင့် ဖြစ်ပွားမှုနှုန်း နည်းနည်းပြန်မြင့်လာနိုင်ခြေတော့ ရှိပါတယ်” လို့လည်း ရှင်းပြထားပါသေးတယ်။ လက်ရှိအခြေအနေမှာ ‘ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်ဟာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး တစ်နှစ်လျှင် ရောဂါကူးစက်ခံရသူ သန်း ၄၀၀ နီးပါး ရှိကြောင်း၊ အဲ့အထဲမှာ လူကြီး ၁၀ ရာခိုင်နှုန်းနဲ့ ကလေး ၃၀ ရာခိုင်နှုန်း ပါဝင်ပြီး ယခုလို မိုးဦးကျကာလ ဇွန်၊ ဇူလိုင်လတွေမှာ စတင်ဖြစ်ပွားကြောင်း’ နိုင်ငံတကာ သွေးလွန်တုပ်ကွေးရောဂါ သုတေသီများက ဆိုထားကြတယ်လို့ ဆိုပါတယ်။

ရောဂါ၏ သဘောသဘာဝ
 
သွေးလွန်တုပ်ကွေးရောဂါ ဆိုတာ သဘာဝအရပြောရရင် ‘သုံးလေးနှစ်မှာ တစ်ခါ ပြင်းပြင်းထန်ထန် ဖြစ်တတ်ကြောင်း၊ ၂၀၁၃ ခုနှစ်မှာ တစ်ကြိမ် အဖြစ်များခဲ့ကြောင်း၊ နောင်တစ်နှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ မည်မျှပမာဏအထိ ဖြစ်လာမည်ကို ယခုနှစ်ကုန်လောက်တွင် ဖြစ်သည့်ပမာဏကို ကြည့်ပြီး မှန်းလို့ရနိုင်ကြောင်း၊ ၂၀၁၆ ခုနှစ် မိုးဦးကာလတွင် အဖြစ်နည်းသော်လည်း မိုးအကုန် ဆောင်းအကူးရာသီဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလလများတွင် အဖြစ်များလာကြောင်း၊ သည့်အတွက် ယခုနှစ်၂၀၁၇ မိုးရာသီကာလတွင် အဖြစ်များမည်ဟု ခန့်မှန်းကြခြင်း ဖြစ်ကြောင်း’ တတ်ကျွမ်းနားလည်သူ ကျန်းမာရေး အသိပညာရှင်များက ခန့်မှန်းပြောဆိုထားတာကိုလည်း သတိချပ်ကြရမှာ ဖြစ်ပါတယ်။

ကာကွယ်မှုတွေ ဘယ်လိုလုပ်ဆောင်သင့်ကြသလဲ

သွေးလွန်တုပ်ကွေးရောဂါက အေးဒိစ်လို့ခေါ်တဲ့ ခြင်ကျားခေါ် ခြင်ပုန်းကိုက်လို့ ဖြစ်တဲ့အတွက် ခြင်ဆေးခွေတို့၊ အသင့်ဖျော်စပ်ထားပြီးသား ရောင်းကြတဲ့ အနီရောင်ခြင်မှုတ် ဆေးဖျန်းဆေးဘူးတို့နဲ့ နှိမ်နင်းတာက ရှိပြီးသားခြင်ကိုသာ သေစေပါတယ်။ လက်ရှိအသက်ရှင်ပြီး ကိုက်နေတဲ့ ခြင်တွေအနေနဲ့ကလည်း တစ်ပတ် နှစ်ပတ်ထက် ပိုပြီးအသက်မရှင်နိုင်ဘူးလို့ ဆိုပါတယ်။ ဒီအတွက် ကိုက်တဲ့ခြင်ထက် ပိုအရေးကြီးတာက ခြင်တွေ ပေါက်ဖွားလာစေမယ့် ပိုးလောက်လန်း နှိမ်နင်းရေး ဆောင်ရွက်မှုတွေပဲ ဖြစ်ပါတယ်။ ခြင်လောက်လန်းနှိမ်နင်းရေး ၁၀ ချက် ဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်၊ လောင်၊ ထောင်၊ လဲ၊ ဖွင့်၊ မှုတ်၊ ဖျန်း ဆိုသလို ရေအိုးများ၊ ဖုံးအုပ်၊ ရေစည်ရေတိုင်ကီများမှ ရေများသွန်ပစ်၊ ရေစည်ရေအိုးရှိ လောက်လန်းများ ခပ်ပစ်၊ ရေစစ်နဲ့စစ်ယူ၊ ကြောင်အိမ်အောက်ခံများ ရေနံဆီဖျန်း၊ ကလေးများ ဘယ်အချိန်အိပ်အိပ် ခြင်ထောင်နဲ့အိပ်၊ ရေများလဲလှယ်ဖို့၊ အလင်းဖွင့်ဖို့၊ ခြင်ဆေးမှုတ်၊ ဖျန်းဖို့လိုပါတယ်။ ဒါတွေကို ဘယ်နေရာတွေ မှာ ပိုလုပ်ရမလဲဆိုတော့ ကလေးတွေ အများကြီး နေ့လယ်အချိန်မှာ စုဝေးတဲ့ နေ့ကလေးထိန်းကျောင်းလို၊ စာသင်ကျောင်းလို နေရာမျိုးတွေမှာ ပိုလုပ်ကြရမှာလို့လည်း တတ်ကျွမ်းနားလည်သူတွေက အကြံပေးထားတာတွေ ရှိပါတယ်။

အခုနောက်ပိုင်းမှာ ဒါတွေအပြင် ‘ထည့်၊ စိမ်’ ဆိုတဲ့နည်းနဲ့ ကာကွယ်ရေး လုပ်လာကြတာလည်း ရှိပါတယ်။ ထည့်တယ်ဆိုတာက ခြင်ပေါက်မယ့် ပိုးလောက်လန်းတွေ ခိုအောင်းနိုင်တဲ့ ချောင်း၊ မြောင်းရေတွေ အထဲကို အဘိတ်ဆေး (Temephos) ကို ထည့်ထားရင် ပိုးလောက်လန်း မပေါက်ဘဲ တော်တော်လေးလည်း ထိရောက်တယ်လို့ သိရပါတယ်။ အန္တရာယ်လည်း မရှိဘဲ အခုနောက်ပိုင်း ကုမ္ပဏီတွေက သွင်းလာတဲ့အတွက် လွယ်လွယ်ကူကူ ဝယ်လို့ရနိုင်သလို ရေ ၁၀ လီတာဆိုရင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက် ထည့်ရတယ်လို့ ဆိုပါတယ်။ ဒီလိုထည့်ထားတဲ့အခါ ရေသေမှာဆိုရင် ရက်ပေါင်း ၉၀ ခန့်ခံပြီး သုံးစွဲရေကန်မှာဆိုရင် ရက်ပေါင်း ၆၀ လောက်ခံပြီး ပိုးလောက်လန်း မပေါက်လာနိုင်တော့ပါဘူး။ ဒီဆေးကို နိုင်ငံတော်က ဝယ်ပြီး ဖြန့်ဖြူးပေးပေမယ့်လည်း နေရာတိုင်းကို လုံလုံလောက်လောက် ဖြန့်ဖြူးပေးဖို့ လိုသေးတာမို့ ပြည်သူပြည်သားတွေကပဲ တစ်နိုင်တစ်ပိုင် ဝယ်ယူအသုံးပြု ကာကွယ်ကြရင် ပိုမိုကောင်းမွန်မှာပါ။ နောက် ‘စိမ်’ ဆိုတဲ့ သဘောကတော့ ခြင်ထောင်တို့၊ ခန်းဆီးတို့နဲ့ အိမ်မှာသုံးမယ့် လိုက်ကာတို့ကို ဆေးစိမ်ပြီး သုံးခြင်းအားဖြင့် အဲဒီမှာ လာနားတဲ့ခြင်တွေ သေကုန်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေဖို့ ခြင်ကိုက်မခံရအောင် ကလေးတွေကို အဝတ်အစား လုံလုံခြုံခြုံ ဝတ်စေခြင်း၊ ခြင်ထောင်၊ ခြင်ဆေးရည်စိမ် ခြင်ထောင်နဲ့ အိပ်စေခြင်းတို့ဟာ ထိရောက်တဲ့နည်းလမ်း ဖြစ်တယ်လို့ အကြံပြုထားတာကိုလည်း ဖတ်မိပါသေးတယ်။

ကလေးမိဘတွေအတွက် အကြံပြုချက် 

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်တဲ့ ဇီကာဗိုင်းရပ်စ် သယ်ဆောင်နိုင်တဲ့ ခြင်ကျားများရဲ့ ပျံသန်းနိုင်တဲ့ အကွာအဝေးက ကိုက် ၁၀၀ ဝန်းကျင်လောက်သာ ရှိသည့်အတွက်  ရပ်ကွက်ပေါင်းစုံက လာစုတဲ့ နေ့ကလေးထိန်းကျောင်း၊ စာသင်ကျောင်းတွေမှာ အဖြစ်များတယ်ဆိုတာ ကလေးမိဘတွေ သိကြမှာပါ။ သွေးလွန်တုပ်ကွေးရောဂါက မိုးရာသီမှာ အဓိကအဖြစ်များပြီး များသောအားဖြင့် ချောင်းဆိုး၊ နှာစေးတာမျိုး မရှိဘဲ ရုတ်တရက် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တယ်ဆိုတာကို သတိထားရပါမယ်။ အခုဆိုရင် အငယ်ဆုံးအနေနဲ့ အသက် သုံးလအရွယ် ကလေးလေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တာကို တွေ့ရပါတယ်။ အဖြစ်များတာက သုံးနှစ်ကနေ ၁၅ နှစ်ကြား ကလေးတွေပါ။ ဒါပေမဲ့ ဒီအသက်ရဲ့ ပြင်ပမှာလည်း ဖြစ်တတ်ကြောင်းလည်း ဖတ်မိပါသေးတယ်။ အခုလို မိုးရာသီအစမှာ သွေးလွန်တုပ်ကွေးရောဂါဟာ အချိန်မရွေး ဖြစ်လာနိုင်တယ်၊ မိမိတို့ရဲ့ ကလေးကို အချိန်မရွေး ကူးစက်တတ်တယ် ဆိုတာကို မိဘတွေရော ဆရာဝန်တွေပါ အမြဲတမ်း ခေါင်းထဲမှာရှိဖို့ လိုအပ်နေပါတယ်လို့လည်း အထူးကုဆရာဝန်ကြီးတစ်ဦးက ဆိုထားပါတယ်။

ရောဂါလက္ခဏာတွေက ဘာပြသလဲ

ကလေးတစ်ယောက်ဟာ တုပ်ကွေးဖြစ်ရင် အဖျား ၁၀၂၊ ၁၀၃ ရှိမယ်။ ချက်ပတ်လည် နာမယ်။ ရင်ညွန့်နာမယ် ဆိုရင်တော့ သေချာပေါက်တုပ်ကွေး ဖြစ်ပါတယ်တဲ့။ တက်ပြီး အဖျားကြီးလာမယ်၊ မှိန်းနေပြီး အစားကို ဟုတ်တိပတ်တိ မစားဘူး၊ ရေနဲ့အခြားဖျော်ရည်တွေကိုလည်း သောက်ချင်စိတ် သူ့မှာ မရှိဘူး။ မကြာခဏလည်း အန်မယ်၊ ဗိုက်နာလာမယ်။ အရေပြားပေါ်မှာ အပိမ့်ထွက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ သွေးပေါင်ချိန်တိုင်း ကိရိယာ (Hess Test) နဲ့ စမ်းသပ်ရာမှာ Positive (+) ဖြစ်ခြင်း၊ သွေးဖြူဥ ကျလာခြင်း၊ သွေးပျစ်နှုန်း (pcv) တက်လာခြင်း အဆုတ်၊ နှလုံး ဝမ်းဗိုက်တို့တွင် အရည်စုခြင်း၊ မှိန်းခြင်း ဒါမှမဟုတ် ကယောင်ကတမ်း ဖြစ်ခြင်း၊ အသည်း ၂ စင်တီမီတာထက် ကြီးခြင်းတွေလည်း ဖြစ်လာမှာ ဖြစ်တဲ့အတွက် ဒီကာလမှာ ဒီလက္ခဏာတွေ ပြလာပြီဆိုရင် သွေးလွန်တုပ်ကွေး လက္ခဏာ ဖြစ်နိုင်တယ်လို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးတွေက ဆိုထားတာဖြစ်တဲ့ အတွက် သတိထားကြရပါမယ်။ ဒါ့ကြောင့်မို ကလေးမိဘတွေ အနေနဲ့ ဒီကာလမှာ ကလေးမလန်းဆန်းရင်၊ မှိန်းရင်၊ ကယောင်ကတမ်းဖြစ်ရင်၊ မူးဝေ၊ အော့အန်ရင် ဆေးရုံကို အမြန်သွားရပါမယ်။ အစားအသောက် ဒါမှမဟုတ် အရည်လုံးလုံး လက်မခံဘဲ ဆက်တိုက်အန်နေရင်၊ ကော်ဖီရောင် သို့မဟုတ် အမည်းရောင်တွေ ပါနေရင်၊ မှိန်းလွန်းရင် ဆေးရုံသွားပြီး ဆရာဝန်ရဲ့ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ရုတ်တရက် အဖျားကြီးပြီး ခြေသလုံး၊ လက်မောင်း အလွန်အမင်း အေးစက်ရင်၊ ကယောင်ကတမ်းဖြစ်ရင်၊ မှိန်းလွန်းရင် ဆေးရုံ အမြန်တက်ဖို့ လိုပါတယ်။ 

ဖြစ်လာရင် ကြိုတင်ပြီး ဘယ်လိုကုသကြမလဲ 

သွေးလွန်တုပ်ကွေးရောဂါ ဆိုတာ လူကြီးတွေမှာလည်း ဖြစ်တတ်ပြီး ခံနိုင်ရည်ရှိတဲ့အတွက် ရောဂါလက္ခဏာ မပြတတ်ပေမယ့် ကလေးတွေမှာကျတော့ ကပ်ရောဂါတစ်ခုအသွင် ဖြစ်ပွားလေ့ ရှိတတ်တာမို့ အချိန်မီမကုသရင် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပါက ‘ဂရုစိုက်ပြီး အရည်များများ တိုက်ရမယ်။ ဓာတ်ဆားရည်၊ ဖျော်ရည်၊ နို့၊ ဟောလစ်၊ စွပ်ပြုတ်တို့ ကျွေးနိုင်ပြီး အဖျားကြီးလွန်းရင် ရေချိုးပေးနိုင်ပါတယ်။ ရေဖတ်တိုက်နိုင်တယ်။ ပါရာစီတမောဆေးပြား၊ ဆေးရည် တိုက်ကျွေးနိုင်ပါတယ်။ သောက်ဆေးတိုက်တဲ့အခါမှာ ဆေးမှာ အစာအိမ်ထိခိုက်တဲ့ အကိုက်အခဲပျောက်ဆေးဝါးတွေ ရှောင်ရှားရမယ်။ ကလေးတွေ အဖျားကြီးရင် ရေဖတ်တိုက်ရမယ်။ ခေါင်းအေးအောင် သုတ်ရမယ်။ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတွေမှာ ရေခဲဖတ် ကပ်ရမယ်။ ပါရာစီတမောဆေးတောင့် စအိုကနေ ထည့်ပေးသင့်တယ်။ အညိုရောင်၊ ချောကလက်ရောင် အစာနဲ့အရည် မသောက်သင့်ပါ။ ကော်ဖီရောင်နဲ့ ခွဲမရ ဖြစ်နိုင်ပါတယ်။ တခြားအကိုက်အခဲပျောက်ဆေးတွေ မတိုက်သင့်ပါ။ မက်ကလောင် မဖောက်သင့်ပါ’ လို့ အကြံပြုထားကြတာကိုလည်း လိုက်နာကြရမှာပါ။ နောက်ပြီး ‘ရာသီတိုင်းတွင်၊ ဖျားနာလျှင်၊ သွေးလွန်တုပ်ကွေးမှတ်၊ အဖျားကျစဉ်၊ မလန်းလျှင်၊ အစဉ်သတိချပ်’ ဆိုတဲ့ ဆရာဝန်ကြီးတစ်ဦး စပ်ဆိုထားတဲ့ စာလေးအတိုင်း ဘယ်လိုလက္ခဏာပဲရှိရှိ၊ ဘယ်လိုရာသီပဲဖြစ်ဖြစ် ကလေးက အဖျားကြီးတယ်၊ မှိန်းတယ်၊ မစားဘူး၊ မသောက်ဘူး၊ ကိုယ်လက်ကိုက်ခဲတယ် ဆိုရင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်တယ်ဆိုတာ မိဘရော ဆရာဝန်ပါ သတိထားရပါမယ်။

 ဒီအတွက် နိဂုံးချုပ်အားဖြင့်တင်ပြရရင် ယခုမိုးရာသီကာလ အစပိုင်းမှာ ကပ်ရောဂါတစ်ခုအသွင် အဖြစ် ကျရောက်လာနိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါရဲ့ ဆိုးကျိုးအန္တရာယ်တွေကို ကာကွယ်နိုင်ရေးအတွက်  ကျွန်ုပ် အထက်တွင် တင်ပြခဲ့သည့် ကျွမ်းကျင်သူ ဆရာဝန်ကြီးများရဲ့ အကြံပြုချက်များစွာ ပါဝင်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေ၊ ရောဂါ၏ ရှေ့ပြေးလက္ခဏာတွေနဲ့ ရှေးဦးကုသနည်းတွေကို သိရှိထားကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ အနာဂတ်မှာ နိုင်ငံ့သားကောင်း ရတနာများ ဖြစ်လာမယ့် မိမိတို့၏ ရင်သွေးငယ်များအပေါ်  ကျရောက်လာမယ့် ကပ်ရောဂါအသွင်  ဖြစ်လာမယ့် ဘေးကနေ အမှန်လွတ်မြောက်နိုင်မှာ ဖြစ်ကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါတယ်။ 

သန်းဖြိုးနိုင် (ကညင်ကျိုး)



FOLLOW US