News

POST TAGGED AS

သောက်ရေသန့်

29-Jan-2017

FDA သောက်ရေသန့်
သောက်ရေသန့်လုပ်ငန်း ခြောက်ခုကို FDA တရားစွဲ

ရန်ကုန် ၊ ဇန်နဝါရီ ၂၈

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ရန်ကုန်တိုင်းအတွင်း လုပ်ငန်းထောက်ခံချက် မရှိဘဲ ထုတ်လုပ် ရောင်းချလျက်ရှိသည့် သောက်ရေသန့်လုပ်ငန်း ခြောက်ခုကို တရားစွဲဆိုထားကြောင်း FDA ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

“အရေးယူတာက အရင်တည်းက တောက်လျှောက် လုပ်နေပေမယ့် ဒီခြောက်ခုကို မနေ့ (ဇန်နဝါရီ ၂၇ ရက်) က တရားစွဲတယ်။ ထောက်ခံချက် မရှိဘူး။ စစ်ကြည့်တော့လည်း အရည်အသွေး မကောင်းဘူး။ ရဲ အရေးပိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် FDA ရုံးအနေနဲ့ပဲ တရားစွဲထားတယ်”ဟု ၎င်းက ရှင်းပြသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ လုပ်ငန်း ထောက်ခံချက်နှင့် အရည်အသွေး အာမခံ မရထားသော မရမ်းကုန်း၊ လှိုင်၊ တောင်ဥက္ကလာပ၊ တိုက်ကြီး၊ ဒဂုံ (အရှေ့) နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့မှ တရားမဝင် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေသည့် လုပ်ငန်းရှင်များကို FDA က တရားစွဲဆိုထားကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပသည့် သောက်ရေသန့် လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးပွဲထံမှ သိရသည်။

FDA အနေနှင့် တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးနေသူများကို အရေးယူ ဆောင်ရွက်မှုများ ရှိသကဲ့သို့ လုပ်ငန်းရှင်များအနေနှင့် FDA သို့ ထောက်ခံချက် တင်သည့် နေရာတွင်လည်း ကြန့်ကြာမှုများ ရှိနေသေးကြောင်း၊ သောက်ရေသန့် လုပ်ငန်းရှင်အချို့က ပြောဆိုသည်။

“FDA မှာ ကြန့်ကြာတာက သူတို့ အရည်အသွေး မကောင်းလို့။ Sample ပို့ရင် ဓာတ်ခွဲ စစ်ဆေးရတယ်။ ရောဂါပိုးနဲ့ ဓာတုဗေဒပစ္စည်း နှစ်မျိုးကိုပေါ့။ Coliform ဆိုတဲ့ လူ့မစင်ပိုးနဲ့ ဆက်စပ်တဲ့ ဗက်တီးရီးယားပိုး ပါတာကိုတော့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ နောက် Standard Plate Count လို့ခေါ်တဲ့ သာမာန်တွေ့ရတဲ့ ဗက်တီးရီးယားပိုးတွေက သတ်မှတ်တာထက် ကျော်နေတာတွေကြောင့်ပေါ့။ တချို့သော လုပ်ငန်းရှင်တွေက လိုက်နာမှု အားနည်းကြတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ထပ်လောင်း ပြောကြားသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) အနေနှင့် ဝန်ထမ်း အင်အားများကို တိုးချဲ့၍ သောက်ရေသန့် စစ်ဆေးခြင်းများကို တိုင်းနှင့်ပြည်နယ်အလိုက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နှစ်ခုကို ရန်ကုန်ရုံး၌ စစ်ဆေးတော့မည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။

FDA အနေနှင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် သောက်ရေသန့်လုပ်ငန်း ၉၇၄ ခုကို ထောက်ခံချက် ပေးထားပြီးဖြစ်ကြောင်း၊ သောက်ရေသန့် ယဉ်ကျေးမှုသည် ၁၉၉၂- ၁၉၉၃ ခုနှစ်ဝန်းကျင်တွင် ထွန်းကားခဲ့ပြီး ယခုအခါ ကျေးရွာများအထိပါ လူတိုင်း သောက်သုံးလျက် ရှိသည့်အတွက် တရားမဝင် ဆောင်ရွက်နေခြင်းများ၊ အရည်အသွေး မပြည့်မီမှုများကို အရှိန်အဟုန် မြှင့်ကာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ထောက်ခံချက် လျှောက်ထားရာတွင်လည်း စစ်ဆေးမှု လေးကြိမ်ကျသည့်သူများ အနေနှင့် ယင်း လုပ်ငန်းကို ဆက်မလုပ်ရန် ယနေ့ ပြုလုပ်သော ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း ဆွေးနွေးပွဲ ရလဒ်များအရ သိရသည်။               

J-12



FOLLOW US