News

POST TAGGED AS

သောက်သုံးရေ

ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်တွင် သောက်သုံးရေ အခက်အခဲဖြစ်
စစ်တွေ၊ မေ ၁၄

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူနှင့် မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့တွင် သောက်သုံးရေနည်းပါးလာပြီး အခက်အခဲကြုံနေကြောင်း ဒေသခံများထံမှသိရသည်။ 

ကျောက်ဖြူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့မှာ ရေရှားပါးနေပြီး၊ စစ်တွေမြို့နယ်၌လည်း ရွာ ၉ ရွာခန့်အပြင် မြို့ပေါ်ရပ်ကွက်တို့တွင်လည်း ရေအခက်အခဲဖြစ်နေကြောင်း၊ မြို့ပေါ်ဒေသခံများကို မြို့နယ်စည်ပင်အဖွဲ့က သောက်သုံးရေ အချိန်သတ်မှတ်၍ ရေပေးနေပြီး အချို့သော ရပ်ကွက်များတွင် ရေမရှိသဖြင့် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့က လှူဒါန်းနေကြောင်း ဒေသခံများထံမှသိရသည်။ 

စစ်တွေမြို့နယ် နာရီကန်ကျေးရွာနှင့် ကန်ပြင်ကျေးရွာသစ်ရှိ ရေကန်များတွင် ရေရှားပါးလာပြီး ရေနောက်သဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေသန့်စက်ဖြင့် ရေများကို သန့်စင်ကာ ဖြန့်ပေးသော်လည်း ရေမလုံလောက်မှုနှင့် ကြုံတွေ့ရကြောင်း ဒေသခံများက ပြောသည်။ 

“တခြားရွာတွေက သုံးဘီးဆိုင်ကယ်တွေနဲ့ သွားခပ်ရတယ်၊ ရေသန့်ပေးတာကလည်း တစ်နေ့တည်းပေးတာဆိုတော့ လုံလောက်မှုမရှိဘူးပေါ့၊ ပြီးတော့ သုံးရေမပေးဘဲ သောက်ရေပေးတာ၊ ရေအခက်အခဲ ဖြစ်တာလည်း နှစ်တိုင်းပါပဲ”ဟု နာရီကန်ကျေးရွာမှ မစိုးမိုးရီက ပြောသည်။

စစ်တွေမြို့နယ်ရှိ ဝါဘို၊ ညိုရောင်၊ ကျေးတောနှင့် အမြင့်ကျွန်းအပါအဝင် ကျေးရွာ ၉ ရွာတွင် နှစ်စဉ်ရေရှားမှု ကြုံနေရကြောင်း၊ ယင်းကျေးရွာတွင် ရေတွင်းများ ရှိသော်လည်း မြေကြီးအောက်တွင် ကျောက်သားရှိသောကြောင့် ပေ ၂၀ ကျော်ပါက တူးဖော်၍မရကြောင်း ဒေသခံများထံမှသိရသည်။ 

မောင်တောမြို့ ငွေတောင်ကျေးရွာတွင် ရေအခက်အခဲကြုံနေရသဖြင့် ၁ မိုင်ခန့်ဝေးသော ပြားသားကျေးရွာမှ သောက်ရေကို ခပ်ယူနေရပြီး သုံးရေများကို ရွာချောင်းထဲ၌ လက်ယက်တွင်းများ တူးဖော်ကာ သုံးစွဲနေရကြောင်း၊ မီးသတ်ဌာနတို့မှ ရေလှူဒါန်းခြင်းများ ရှိသော်လည်း လုံလောက်မှုမရှိကြောင်း ငွေတောင်ကျေးရွာ ဒေသခံ ဦးထွန်းနိုင်စိုးက ဆိုသည်။ 

အလားတူ ငွေတောင်ရွာတွင်သာမက သာယာကုန်း၊ သစ်တော၊ မကျဉ်းကုန်းရွာသာယာ စသည့်ကျေးရွာ ၁၀ ရွာခန့်တွင်လည်း ရေပြတ်မှုကြုံနေရကြောင်း ၎င်းထံမှသိရသည်။ 

ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ သောက်ရေကန်များတွင် ရေခမ်းနေပြီး အချို့ရွာများမှာ ချောင်းစပ်တွင် လက်ယက်ကာ သောက်ရေယူနေရကြောင်း၊ အချို့ရွာများမှာ သောက်ရေရရန်အတွက် ၄ နာရီကြာသွားရောက်ရပြီး သွားလာရေးအခက်အခဲကြောင့် ရေလှူဒါန်းမည့်သူများလည်း မလာနိုင်ကြကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံ ဦးအင်္ဂါအောင်က ပြောသည်။ 

ယင်းအပြင် မင်းပြားမြို့နယ်၌ မြို့ပေါ်ရှိရေကန်အချို့မှာ ရေခန်းခြောက်သွားပြီဖြစ်ကြောင်း အချို့သောကန်များတွင်လည်း ရေအနည်းငယ်သာ ကျန်ရှိသောကြောင့် စောင့်ဆိုင်းကာ ရေခပ်ယူနေရကြောင်း မင်းပြားမြို့နေ ကိုမောင်လှမျိုးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ကျေးရွာများတွင် ရေအခက်အခဲဖြစ်ပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ရခိုင်တစ်ပြည်နယ်လုံးရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးထားကြောင်း ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဇော်မျိုးက ဆိုသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးတွင် တစ်မြို့နယ်လျှင် ရေသန့်စက် အသေးများရှိကြောင်း ရေနောက်သည့် ကျေးရွာများ၌ ရေကြည်စေရေးအတွက် ရေသန့်ဆေးပြားများကို ပေးထားကြောင်း၊ ရေရှားပါးသော ကျေးရွာများသို့ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်းကာ သွားရောက်လှူဒါန်းမှုများရှိကြောင်း ၎င်းထံမှသိရသည်။ 

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်က ရေရှားသည့် ကျေးရွာ ၁၄၄ ရွာရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရေရှားသော ကျေးရွာ ၅၁ ရွာသာ ရှိကြောင်း၊ ယခုနှစ်တွင် ကျေးရွာ ၁၀ ရွာကျော်ခန့်သာရှိပြီး ရေရှားပါးသော ကျေးရွာများကို မှတ်တမ်းတင်ကာ ရေကန်များတူးဖော်ပေးရန် ဘတ်ဂျက်တွင် ရေးဆွဲကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။ 

R-22



FOLLOW US