News

POST TAGGED AS

သောက်သုံးရေ

ကျိုင်းတုံမြို့ တိုးချဲ့သောက်သုံးရေ သွယ်ယူရေး သိန်း ၅၀၀၀ ကျော်သုံးမည်
ကျိုင်းတုံ၊ ဧပြီ ၂၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဒေသခံများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကျပ်သိန်း ၅၅၀၀ ကျော် အသုံးပြုကာ ကွီနမ့်ကိုင်ချောင်းရေမှ ရေကို သွယ်ယူမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောသည်။

“အခုလက်ရှိက ရှမ်းအစိုးရအဖွဲ့က သိန်း ၂၅၀၀ ချထားပြီးဖြစ်လို့ ရေသွယ်ယူဖို့အတွက် ပိုက်လုံးတွေကို ဝယ်ယူထားပြီးပြီ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ တပ်ချုပ်ကြီးတို့က သိန်း ၂၀၀၀ စီ ထောက်ပံ့မယ်လို့ ပြောထားပေမယ့် အခုထိတော့ မချထားပေးသေးဘူး”ဟု ၎င်းက ဆိုသည်။ 

ကျိုင်းတုံမြို့တွင် ရေပေးဝေရေးလုပ်ငန်းကို ကျပ်သိန်း ၁၀၀၀၀ ကျော်ဖြင့် လုပ်ဆောင်ထားသော်လည်း သောက်သုံးရေ မဖူလုံခြင်း၊ ရေနောက်ခြင်းတို့နှင့် ကြုံနေရကြောင်း၊ လက်ရှိတိုးချဲ့ ရေပေးဝေရေးလုပ်ငန်းကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူကာ လုပ်ကိုင်ခွင့်ပေးသင့်ကြောင်း မြို့ခံများက ဆိုသည်။ 

“အစည်းအဝေးမှာ တင်ဒါခေါ်ပြီး လုပ်ငန်းအပ်နှံထားတာလား မေးကြည့်တော့ စည်ပင်ဌာနအနေနဲ့ပဲ ဆောင်ရွက်မယ်ပြောတယ်၊ နောင်တစ်ချိန် အငြင်းပွားမှုမရှိအောင် ပုဂ္ဂလိကကို တင်ဒါခေါ်ပြီး လုပ်ငန်းအပ်နှံရင် ပျက်စီးခဲ့ရင်တောင် တာဝန်ယူပြီး ပြင်ခိုင်းလို့ရတယ်”ဟု ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ပြောဆိုသည်။

ကျိုင်းတုံမြို့ပေါ် ငါးရပ်ကွက်အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့များနှင့် တက္ကသိုလ်တို့ကို မြို့နှင့် ၈ မိုင်ကွာဝေးသည့် နမ့်အောချောင်းမှ ရေကို ရေစစ်ကန်များဖြင့် သွယ်ယူ၍ ဖြန့်ဖြူးနေရာ နေ့စဉ်ရေဂါလန် လိုအပ်ချက် ကိုးသိန်းကျော်အနက် ဂါလန် ခြောက်သိန်းခန့်သာ ဖြန့်ဝေနိုင်ကြောင်း၊ တိုးချဲ့ရေပေးဝေရန် လက်ရှိရေစစ်ကန်သို့ ကွီနမ့်ကိုင်ချောင်းမှ ၈ လက်မ ရေပိုက်များဖြင့် ရေသွယ်ယူမည်ဖြစ်ရာ ပေ ၁၆၀၀၀ ကွာဝေးကြောင်း ကျိုင်းတုံ မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။  

R-16



FOLLOW US