News

POST TAGGED AS

သောက်သုံးရေကန်

ခြံခတ်ထားသော သောက်သုံးရေကန်ကို အများပြည်သူထံ ပြန်ပေးရန် ဝန်ကြီးချုပ်ထံတိုင်ကြား
တိုက်ကြီး၊ ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ အများပြည်သူပိုင် သောက်သုံးရေကန်ကို မိမိပိုင်သည်ဟုဆိုကာ ခြံခတ်ထားမှုအပေါ် အများပြည်သူထံ ပြန်ပေးရန် ဒေသခံ ၉၀၀ ကျော်က ပဲခူးတိုင်းဝန်ကြီးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများထံ လက်မှတ်ရေးထိုးကာ ဇူလိုင်လ ၂၆ ရက်က တိုင်ကြားခဲ့ကြောင်း ဦးဆောင်တိုင်ကြားသူ ဦးမြင့်သိန်းက ပြောသည်။ 

ယင်းသောက်သုံးရေကန်ကို လွန်ခဲ့သော နှစ် ၅၀ ကျော်က အများပြည်သူအသုံးပြုရန် ၎င်းတို့၏ ဘိုးဘွားများက ရေစက်ချလှူဒါန်းခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်တွင် သောက်သုံးရေကန်အနီးရှိ ဆန်စက်ကို ရောင်းချစဉ်က သောက်သုံးရေကန် မပါဝင်ကြောင်း၊ သို့သော်ဝယ်ယူသူက ၎င်းပိုင်သည်ဟုဆိုကာ ခြံခတ်ခဲ့ပြီး သောက်ရေကန်ပေါ်တက်သူ သောက်ရေကန်လှူဒါန်းထားသော မိသားစုဝင်တစ်ဦးနှင့် ဒေသခံ ၇ ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် ဇွန်လ ၂၇ ရက်က တရားစွဲခဲ့ကြောင်း သောက်သုံးရေကန်လှူထားသည့် မိသားစုမှ မိသားစုဝင်လည်းဖြစ်သူ ဒေါ်စန်းစန်းဦးကပြောသည်။

သောက်သုံးရေကန်ကို ၎င်းပိုင်သည်ဟု ခြံစည်းရိုးခတ်ထားသဖြင့် ရပ်ကွက်ရှိ အိမ်ထောင်စု ၅၀၀ ကျော်နှင့် အလက (ခွဲ) စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်ရကြောင်း၊ ၂၀၀၄ခုနှစ်က သောက်သုံးရေကန်ကို ပိုင်သည်ဟုဆို၍ ယင်းမြေပိုင်ရှင်၊ အုပ်ချုပ်ရေးပိုင်းနှင့် ရပ်မိရပ်ဖများက ဖြေရှင်းခဲ့သဖြင့် သောက်သုံးရေကန် ပြန်ရခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ 

“ဒီသောက်ရေကန်က အများပိုင်ဆိုင်တဲ့ သောက်သုံးရေကန်ပါ ဆန်စက်ပိုင်ရှင်ပိုင်တဲ့ ရေကန်မဟုတ်ပါဘူး၊ အလှူရှင်တွေက အုပ်ချုပ်ရေးမှူးရုံးမြေနေရာရယ် သောက်ရေကန်ရယ်လှူထားတာပါ”ဟု အမှတ် (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးနေစိုးက ပြောသည်။

ဆန်စက်ပါဝင်သော ခြံကိုဝယ်ယူစဉ်က သောက်သုံးရေကန်ပါရှိပြီး မြေစာရင်းက လန/၃၉ ကျထားကြောင်း၊ ယခင်က သောက်သုံးရေကန်ကို ခြံမခတ်စဉ်က ငါးလာမျှားသူများနှင့် အမှိုက်များကို မီးရှို့သဖြင့် ကိုယ်တိုင်သာ ဖြေရှင်းရကြောင်း၊ ယင်းကြောင့် သောက်ရေကန်ကို ခြံစည်းရိုးခတ်ထားရခြင်းဖြစ်ကြောင်း ဆန်စက်ပိုင်ရှင် ဦးဇော်ဝမ်းကပြောသည်။ 

“ကျွန်တော်ခြံခတ်ထားတာက အရန်အတားတစ်ခုအနေနဲ့ လုပ်တာပါ၊ ဒါပေမဲ့ အပေါက် ၃ခုဖွင့်ထားတယ်၊ ဘယ်သူမဆို အသုံးပြုလို့ရပါတယ်၊ ကျွန်တော့် သားစဉ်မြေးဆက်အထိ သောက်သုံးရေကန်ကို လှူနေဦးမှာပါ။ ကျွန်တော်ပိုင်ဆိုင်မှု အထောက်အထားတွေရှိလို့ တရားစွဲတာပါ။ လူရှစ်ယောက် တရားစွဲထားတယ်။ ထပ်ပြီးတော့ ရေကန်ပိုင်ဆိုင်မူ အငြင်းပွားနေသူတွေကို တရားစွဲဖို့လည်း ရှိပါသေးတယ်”ဟု ၎င်းက ဆိုသည်။ 

R-19



FOLLOW US