News

POST TAGGED AS

သေနတ်သမား

မန္တလေးဘုရားကြီး ဂေါပကရုံးခန်း ဖောက်ထွင်းခံရ


မန္တလေး၊ ဩဂုတ် ၁၉

မန္တလေး မဟာမုနိဘုရားကြီး ဂေါပကရုံးခန်းအတွင်းရှိ ဘုရားဘဏ္ဍာပစ္စည်းများ ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။

“တရားခံမိပါပြီ။ လုံခြုံရေးဝန်ထမ်း ငယ်တစ်ယောက်ပါ။ သူကတော့ ညကတည်းက အိမ်မပြန်ပဲနဲ့လုပ်တယ်လို့တော့ ပြောတယ်။ သူက ဒီမှာအလုပ်ဝင်တာ ၂ နှစ်ကျော်လောက်ရှိနေပြီ။ အခုတော့ အမှတ် (၁၀) ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ကျွန်တော်တို့ဂေါပကအဖွဲ့တွေ တိုင်ပင်ပြီး လုံခြုံရေးနဲ့ပတ်သက်ပြီး စိစစ်မှုတွေလုပ်ရဦးမှာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ဖောက်ထွင်းခဲ့သူမှာ ဘုရားကြီးလုံခြုံရေးအဖြစ် မွန်းလွဲ ၁ နာရီမှ ည ၉ နာရီအထိ တာဝန်ကျဝန်ထမ်းတစ်ဦးဖြစ်ပြီး ရုံးခန်း၏ အမိုးကိုခွာ၍ ဖောက်ထွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် ဂေါပကရုံးခန်းအတွင်း ယာယီထားရှိသည့် အလှူခံပုံးအတွင်းမှ ကျပ် ၃၅ သိန်းကျော်ကို ခိုးယူခဲ့ကြောင်း၊ ဘုရားကြီးတွင်တပ်ဆင်ထားသော လုံခြုံရေးကင်မရာများမှတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်၍ ဖောက်ထွင်းခံရသည့်ပစ္စည်းများ ပြန်လည်ရရှိထားပြီးဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။

ဖောက်ထွင်းသူမှာ အသက် ၂၂ အရွယ်ရှိ လုံခြုံရေးဝန်ထမ်း ကျော်ဇေယျဆိုသူဖြစ်ပြီး ၎င်းထံမှ ငွေကျပ် ၃၆ သိန်းကျော်နှင့် ရွှေဆိုင်းရွက်ရေ ၂၅၀၀ ကျော် ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ၎င်းကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ထားကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တို ဘာလအတွင်းကလည်း မဟာမုနိဘုရားကြီး၏ နောက်ကျောရှိရွှေများကို ဘုရားဖူးလာသည့် အမျိုးသားတစ်ဦးက ပိုက်လုံးဖြင့်ခွာယူခဲ့ဖူးသည်။

M-05



FOLLOW US