News

POST TAGGED AS

သေနတ်သမား

လော့စ်အိန်ဂျယ်လိစ် စတိုးဆိုင်တစ်ခုကို သေနတ်သမားဝင်စီးပြီး လူ ၄၀ ခန့်ကို ဓားစာခံလုပ်၊ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး


လော့စ်အိန်ဂျယ်လိဒ်စ်၊ ဇူလိုင် ၂၂

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိဒ်စ်ရှိ စတိုးဆိုင်တစ်ဆိုင်တွင်း သေနတ်ကိုင်ကာ လူအယောက် ၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့သူ အမျိုးသားတစ်ဦးအား ပြည်နယ်ရဲတပ်ဖွဲ့က ခဲရာခဲဆစ် ဖမ်းဆီးထိန်းသိမ်းလိုက်နိုင်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

Trader Joe စတိုးဆိုင်အတွင်း သုံးနာရီကြာမျှ လူအယောက် ၄၀ ကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ 

ယင်းအမျိုးသားသည် သူ၏ အဘွားဖြစ်သူနှင့် အခြားအမျိုးသမီးတစ်ဦးတို့ကို ယင်းနေ့တွင် ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းကို ရဲက လိုက်လံဖမ်းဆီးရာ Trader Joe ဆိုင်ရှေ့တွင် ကားရပ်ပြီး ရဲနှင့်အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် လူများပြည့်နှက်နေသည့် ယင်းဆိုင်ထဲသို့ဝင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့အဆိုအရ သိရသည်။ 

သေနတ်သမားသည် ရဲတပ်ဖွဲ့နှင့် ပစ်ခတ်မှုကြောင့် လက်မောင်းတွင် ဒဏ်ရာရရှိသွားခဲ့သည်။ ထို့နောက် စတိုးဆိုင်တွင်းမှနေ၍ တယ်လီဖုန်းဖြင့် ရဲတပ်ဖွဲ့နှင့်စေ့စပ် ညှိနှိုင်းပြောဆိုပြီးနောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်ဟု လော့စ်အိန်ဂျယ်လိဒ်စ်မြို့တော်ဝန် အဲရစ်ဂါဆီတီနှင့် ရဲအရာရှိများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

အသက် ၂၈ နှစ်အရွယ်ရှိ အဆိုပါ သေနတ်သမား၏ အမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ၎င်းသည် ရဲနှင့်စေ့စပ်ညှိနှိုင်းပြီးနောက် အပြင်ဘက်သို့ထွက်လာကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့က ၎င်းကို ဝန်းရံပိတ်ဆို့ ဖမ်းဆီးသွားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ချက်အရသိရသည်။ 

၎င်းဖမ်းဆီးခံလိုက်သည်နှင့် တစ်ပြိုင်နက်တည်း စတိုးဆိုင်အတွင်း ပိတ်မိနေသူများ အပြင်ဘက်သို့ ထွက်လာသည်ကို တွေ့ရသည်။ 

“အဲဒီစတိုးဆိုင်ထဲမှာ သူက အမျိုးသမီးဓားစာခံတစ်ဦးကို ပစ်ခတ်ခဲ့တယ်၊ အဲဒီအမျိုးသမီးခမျာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်”ဟု ရဲတပ်ဖွဲ့က Twitter စာမျက်နှာတွင် ဖော်ပြသည်။ သို့သော် သေဆုံးသွားသူအမျိုးသမီး မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။ 

“သေနတ်သမားက အားလုံးအပြီးမှာ လက်ထိတ်ခတ်ပေးဖို့ပြောတယ်။ သူ့ ဘာသာသူ လက်ထိတ်ခတ်ပြီး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံလိုက်တယ်”ဟု အဲရစ်ဂါဆီတီက ပြောကြားသည်။ 

ရဲတပ်ဖွဲ့နှင့် အဆိုပါသေနတ်သမားအကြား လိပ်ခဲတည်းလည်း အခြေအနေဖြစ်ပေါ်နေမှုများကို NBC ရုပ်သံက ထုတ်လွှင့်ပြသခဲ့သည်။ သေနတ်သမားဆိုင်ထဲသို့ ဝင်သွားပြီးနောက် တစ်နာရီခန့်အကြာတွင် ဓားစာခံအချို့ ဆိုင်အတွင်းမှ ပြေးထွက်လာသည်ကိုလည်း ရုပ်သံက ထုတ်လွှင့်ပြသခဲ့သည်။

အချို့မှာမူ အဆိုပါစတိုးဆိုင်မှ ဝန်ထမ်းများဖြစ်ကြပြီး ဆိုင်၏နောက်ဖေးပေါက်မှ ထွက်ပြေးလွတ်မြောက်လာကြသည်။ 

သမ္မတဒေါ်နယ်ထရမ့်ကမူ ၎င်းသည် အဆိုပါ ဓားစာခံ ၄၀ ခန့်အား သေနတ်သမား ထိန်းထိမ်းထားခဲ့သည့် ဖြစ်ရပ်ကို အနီးကပ်စောင့်ကြည့်ခဲ့ကြောင်း ပြောကြားသည်။  

F-01



FOLLOW US