News

POST TAGGED AS

သေနတ်သမား

ဂျာမနီမှ တပ်ဖွဲ့များ ပြန်ရုပ်ရန် အမေရိကန် စဉ်းစား


ဘာလင် ဇွန် ၃၀

ဂျာမနီရှိတပ်ဖွဲ့များ ရုပ်သိမ်းရွှေ့ပြောင်းရေးကို အမေရိကန်က ထုတ်ဖော်လိုက်ခြင်းသည် ဇူလိုင်လ နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်မီ ညှိနှိုင်းသည့် ပရိယာယ်ဖြစ်နေသလားဆိုသည်ကို ဥရောပတာဝန်ရှိသူများက အဖြေထုတ်ရန် ကြိုးစားနေသည်ဟု DW သတင်းတွင်ဖော်ပြထားသည်။

ဂျာမနီတွင် အမေရိကန်တပ်ဖွဲ့ဝင် ၃၅,ဝ၀၀ တပ်စွဲထားသည်။ အဆိုပါတပ်များ ရုပ်သိမ်းရေးကို သမ္မတထရမ့်က ထုတ်ဖော်လိုက်ပြီးနောက် တပ်ဖွဲ့များရုပ်သိမ်းနိုင်မည့် နည်းလမ်းများကို အမေရိကန်ကာကွယ်ရေးဌာနက လေ့လာနေသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

အမေရိကန်တပ်ဖွဲ့ဝင် ၃၅,ဝ၀၀ စလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ အမေရိက သို့မဟုတ် ပိုလန်သို့ ရွှေ့ပြောင်းလျှင် ကုန်ကျမည့်စရိတ်နှင့် အကျိုးဆက်များကို တာဝန်ရှိသူများက လေ့လာဆန်းစစ်နေပြီးထိုသို့ လေ့လာဆန်းစစ်မှုတွင် ထိပ်တန်းတာဝန်ရှိသူများ ပါဝင်ခြင်းမရှိဟုနီးစပ်သော သတင်းဇာစ်မြစ်များကိုကိုးကား၍ သတင်းစာက ရေးသားထားသည်။

အမေရိကန် သမ္မတထရမ့်သည် ဂျာမနီတွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကိုသိရှိရသည့် အချိန်တွင် တုန်လှုပ်သွားခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုနှစ် အစောပိုင်း အိမ်ဖြူတော် အစည်းအဝေးတစ်ခုတွင် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးကိုစိတ်ဝင်စားကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူကမူ အမေရိကန်တပ်ဖွဲ့များ ဖြန့်ကြက်မှုကို ကာကွယ်ရေးဌာနက ပုံမှန်လေ့လာဆန်းစစ်ခြင်းသာဖြစ်သည်ဟု ပြောကြားသည်။

ဥရောပတာဝန်ရှိသူများသည် ထိုလေ့လာဆန်းစစ်မှုသတင်းကို သိရှိထားကြပြီး ဇူလိုင်လ ၁၁- ၁၂ ဘရပ်ဆယ် နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်မီ အလျှော့အတင်းညှိလိုသည့် ထရမ့်၏ ညှိနှိုင်းရေးပရိယာယ် ဟုတ်၊ မဟုတ်ကို အဖြေထုတ်ရန် ကြိုးစားနေကြသည်ဟု ကြားသိရသည်။

ဂျာမန်ကာကွယ်ရေးဝန်ကြီး အာဆူလာဗွန်ဒါလီယန်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်တို့ နှစ်ဦးစလုံးသည် ယခင်အပတ်က တွေ့ဆုံမှုနောက်ပိုင်းတွင် ယင်းကဲ့သို့သော အစီအစဉ်ကို ပြောဆိုထားခြင်းမရှိပေ။

သမ္မတထရမ့်သည် နေတိုး၏ ဥရောပ မဟာမိတ်များထဲမှ အထူးသဖြင့် ဂျာမနီအား ကာကွယ်ရေးဘတ်ဂျက်သုံးစွဲမှု ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းမပြည့်ခြင်းအပေါ် အကြိမ်ကြိမ်ပြင်တင်ဝေဖန်ခဲ့သည်။

ဂျာမနီ၏ ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၁၇ တွင် ဂျီဒီပီ၏ ၁ ဒသမ ၂၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၂၄ တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိရန် ရည်မှန်းထားသည်။ ဥရောပတွင် ကာကွယ်ရေးစရိတ်အတွက် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းသုံးစွဲသူသုံးနိုင်ငံ (ယူကေ၊ အက်စတိုးနီးယားနှင့် ဂရိ) သာရှိပြီး ပိုလန်သည် ၁ ဒသမ ၉၉ ရာခိုင်နှုန်းဖြင့် အမီလိုက်နေသည်။

F-04



FOLLOW US