News

POST TAGGED AS

သေဆုံး

သိန်း ၆၅၀ တန်ကျောက်ကို ပြန်တောင်းယူသော ပိုင်ရှင် တူဖြင့် ထုခံရ
ရန်ကုန်၊ ဇွန် ၂၀

ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ အနော်ရထာလမ်းရှိ ဟိုတယ်တစ်ခုတွင် ဇွန်လ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ရောင်းချပေးရန် အပ်ထားသည့် သိန်း ၆၅၀ တန် ကျောက်ကို ပြန်တောင်းယူသူ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး တူဖြင့်ထုခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ အောင်သစ်လွင်ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ် ကိုအောင်ဖြိုးငြိမ်းသည် ဇွန်လ ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်က ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ ကျောက်ပွဲစားတန်း၌ ၅ ဒသမ ၂ ကာရက်ရှိ နီလာကျောက်တစ်ပွင့်နှင့် ၂ ဒသမ ၄၀ ကာရက်ရှိ နီလာကျောက်တစ်ပွင့် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၆၅၀ တန်ကျောက်နှစ်ပွင့်ကို ခင်မင်ရင်းနှီးသူ အသက် ၂၄ နှစ်အရွယ် ရိုမန်ကံသာ (ခ) ရိုမီနိုအား ရောင်းချပေးရန် အပ်နှံထားခဲ့ရာ ဇွန်လ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ပြန်လည်ပေးအပ်ရန် သွားရောက်တောင်းရမ်းစဉ် တူဖြင့် ထုခံခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“တူက အခန်းထဲမှာရှိတာလို့ တိုင်ချက်ထဲမှာပါတယ်။ မင်းကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်၊ ပြီးတော့ တူနဲ့လိုက်ထုတယ်။ အဲလိုထုတဲ့အတွက် အခန်းထဲကနေ ထွက်ပြေးခဲ့ရတယ်လို့ တိုင်ထားတယ်၊ အခုပြစ်မှုကျူးလွန်တယ်ဆိုသူကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဒီကြားထဲမှာ အဆက်အသွယ်လုပ်ပြီး ပြန်တောင်းပေမယ့် ရှောင်နေလို့ အခင်းဖြစ်တဲ့နေ့က ဖုန်းဆက်ပြီးသွားယူတာလို့ သိရတယ်” ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

တူနဲ့ထုခံရမှုကြောင့် ကိုအောင်ဖြိုးငြိမ်းတွင် ပေါက်ပြဲဖူးရောင်ဒဏ်ရာများရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သည်ဟုဆိုသော အမျိုးသားကို ပန်းဘဲတန်း မြို့မရဲစခန်းက အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆၊ ဆဲဆိုသည့် ပုဒ်မ ၂၉၄၊ ရာဇဝတ်မကင်းသော ခြောက်လှန့်မှုပုဒ်မ ၅၀၆ စသည်တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16



FOLLOW US