News

POST TAGGED AS

သေဆုံးမှု

အိမ်အကူ အမျိုးသမီး သေဆုံးမှုဖြင့် ဥပဒေအရာရှိကို တရားစွဲ
ရန်ကုန်၊ ဇွန် ၁၄

တွံတေးမြို့နယ်၊ ခတ္တိယကျေးရွာအုပ်စုရှိ အုတ်ဖိုကျေးရွာတွင် နေထိုင်သော အိမ်အကူအမျိုးသမီးတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ဇွန်လ ၁၄ ရက် မွန်းလွဲ ၂ နာရီက တောင်ပိုင်းခရိုင်တရားရုံးတွင် ဥပဒေအရာရှိအမျိုးသမီးကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

တရားစွဲဆိုခံရသည့် ဒေါ်သိင်္ဂီစုမှာ လှည်းကူး မြို့နယ်၊ အင်းတိုင်သံချပ်ကာ တပ်ရင်းရှိ အရာရှိရိပ်သာတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏နေအိမ်တွင် အိမ်အကူလာရောက်လုပ်ကိုင်သည့် အသက် ၄၀ နှစ် မကရင်မ (ခ) မခင်စန္ဒာဦးကို ရွှေဆွဲကြိုးခိုးယူသည်ဟု စွပ်စွဲပြောဆိုကာ ၎င်းက ခြေထောက်ဖြင့်ကန်ခြင်း၊ ကျောက်ပြင်ဖြင့်ထုခြင်း ပြုလုပ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် ယခုနှစ် မေလ ၁၉ ရက်နေ့က အိမ်အကူဖြစ်သူ မကရင်မမှာ ကျန်းမာရေးမကောင်းဟုဆိုပြီး တွံတေးမြို့နယ်၊ ခတ္တိယကျေးရွာအုပ်စုရှိ အုတ်ဖိုကျေးရွာသို့ ဒေါ်သိင်္ဂီစုက ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးနောက် ရွာသူရွာသားများက မကရင်မကို ဝိုင်းဝန်းမေးမြန်းကြရာမှ ရိုက်နှက်နှိပ်စက်ခံရကြောင်း သိရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ရန် စီစဉ်နေစဉ် မကရင်မမှာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကလေးလေးယောက်၏ မိခင်မုဆိုးမဖြစ်သူ မကရင်မ သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ အသက် ၃၂ နှစ် ဒေါ်သိင်္ဂီစုမှာ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်မေလ ၂၁ ရက် နေ့က ၎င်းကို ဖမ်းဆီးခဲ့ပြီး ယင်းအမှုကို လာမည့် ဇွန်လ ၂၈ ရက်နေ့တွင် တောင်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

S-03



FOLLOW US