News

POST TAGGED AS

သေဆုံးမှု

ဓား၊ သံတုတ်များဖြင့် ဝိုင်းဝန်းရိုက်သတ်သည့် အမျိုးသား ၅ ဦးကို ထောင်ဒဏ်အမိန့်ချ
ရန်ကုန်၊ မေ ၂၉

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၆၈) ရပ်ကွက်တွင် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးကို ဓား၊ သံတုတ်များဖြင့် ဝိုင်းဝန်းရိုက်သတ်သည့် အမျိုးသား ၅ ဦးကို အရှေ့ပိုင်းခရိုင် တရားရုံးမှ မေလ ၂၈ ရက် မွန်းလွဲပိုင်းတွင် ထောင်ဒဏ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ် ၈ ရက်နေ့က ယင်းရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးသည် ၎င်းတို့၏သားနှစ်ဦးကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်နေစဉ် ထောင်ဒဏ် အမိန့်ချမှတ်ခံရသူများက ရန်ဖြစ်နေသည့် အမျိုးသမီးနှစ်ဦးမှ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်၊ သံတုတ်ဖြင့်ရိုက်ရန် ပြုလုပ်နေစဉ် သေဆုံးသူ ကိုသဲသဲမှ ဝင်ရောက်ဟန့်တားသည်ကို မကျေမနပ်ဖြစ်ပြီး ဓား၊ သံတုတ်များဖြင့် ရိုက်နှက်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အခုထောင်ချလိုက်တဲ့ ၅ ဦးက ဝိုင်းရိုက်လိုက်တာ။ ဆေးရုံရောက်တော့ သေသွားတယ်။ အဲဒါကြောင့် လူသတ်မှုကို အတူပူးပေါင်းဆောင်ရွက်မှု ပုဒ်မတွေနဲ့ တရားစွဲခဲ့တာ။ ဖြစ်တာက တစ်ရပ်ကွက်တည်းသားတွေ အချင်းချင်းပဲ၊ သုံးယောက်က ရှစ်နှစ်နဲ့ နှစ်ယောက်ကိုတော့ ၁၀ နှစ် ချလိုက်တယ်”ဟု အရှေ့ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ 

ယင်းထောင်ဒဏ်များမှာ အသက် ၂၀ နှစ်အရွယ် အငယ်ကောင် (ခ) ကျော်လင်းအောင်၊ အသက် ၂၁ နှစ်အရွယ် အကြီးကောင် (ခ) ရဲလင်းဦးနှင့် အသက် ၂၀ ချစ်မင်းသူ (ခ) ပေါင်ချိန်တို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ (၂)/ ၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ် ၈ နှစ်ကို လည်းကောင်း၊ အသက် ၃၄ နှစ်အရွယ်မျိုးဇော်ဦးနှင့် ၁၇ နှစ်အရွယ် စိန်ကြီး (ခ) သန့်ဇင်အောင်တို့ နှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ကို လည်းကောင်း အသီးသီးကျခံစေရန်အမိန့် ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

J-16



FOLLOW US