News

POST TAGGED AS

သေဆုံးမှု

10-May-2018

အရက် သေဆုံးမှု
အရက်အလွန်အကျွံသောက်သူ အုတ်ကန်အတွင်း ဇောက်ထိုးကျသေဆုံး
ရန်ကုန်၊ မေ ၉ 

သုံးခွမြို့နယ်၊ နန်းခလဲကျေးရွာ၊ နေအိမ်အတွင်း တည်ထားသော အုတ်ကန်ငယ်တစ်ခုအတွင်းတွင် မေလ ၈ ရက် နံနက် ၇ နာရီခန့်က အရက်အလွန်အကျွံ သောက်စားမူးယစ်သူ အသက်၅၅ နှစ် အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရေနစ်သေဆုံးသူ ဦးဝင်းရွှေသည် ယင်းနေအိမ်တွင် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး ယင်းနေ့က အကျယ် ၃ ပေ ပတ်လည်၊ အမြင့် ၂ ပေခွဲခန်ရှိ နေအိမ်ရှေ့တွင် တည်ဆောက်ထားသော မိသားစုသုံး သောက်သုံးရေကန်အတွင်းတွင် ဦးခေါင်းငိုက်စိုက်ကျလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းသေဆုံးမှုနှင့် ပတ်သက်၍ ရုပ်အလောင်းကို သုံးခွမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ သုံးခွမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၄/၁၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

“သူက အရက်သေစာ အလွန်အကျွံသောက်စားတတ်တယ်လို့ ပတ်ဝန်းကျင်နဲ့ သူ့ရဲ့အစ်ကိုအရင်း ပြောပြချက်အရ သိရတယ်။ အရင်နေ့ကပဲ ချော်လဲလို့ မျက်ခုံးကွဲထားသေးတယ်။ အဲဒီဒဏ်ရာပဲ တွေ့တာပါ။ တခြားပြင်ပဒဏ်ရာ မတွေ့ရပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်အလွန်အကျွံသောက်စားမှုကြောင့် ၂၀၁၇ ခုနှစ်တွင် သေဆုံးသူ ၁၈၆ ဦး ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ၄၅ ဦးရှိကြောင်း၊ ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်တွင် ၃၁၁ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက် နေ့အထိ ၉၆ ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။

J-16



FOLLOW US