News

POST TAGGED AS

လေကြောင်း

28-May-2018

လေကြောင်း
ရွှေမြန်မာနှင့် အဲကမ္ဘောဇ လေကြောင်းလိုင်းတို့ပူးပေါင်း၍ မြို့သုံးမြို့ကို ဇွန် ၁ ရက်မှစ၍ ပြေးမည်
ရန်ကုန်၊ မေ ၂၈

ပြည်တွင်း ခရီးစဉ်များဖြစ်သည့် မန္တလေး၊ ဟဲဟိုး၊ ညောင်ဦး မြို့သုံးခုကို ဇွန်လ ၁ ရက်မှစ၍ အဲကမ္ဘောဇလေကြောင်းလိုင်းနှင့် အကျိုးတူ ပူးပေါင်း၍ ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ရွှေမြန်မာလေကြောင်းလိုင်း၊ ခရီးသည် ဝန်ဆောင်မှုဌာန လက်ထောက်မန်နေဂျာ ဒေါ်စံပယ်ဖြူထံမှ သိရသည်။

“လေကြောင်းလိုင်းနှစ်ခု အလှည့်ကျစနစ်နဲ့ ပျံသန်းပြေးဆွဲမှာပါ။ ရန်ကုန်ကို အခြေပြုတဲ့ မြို့သုံးခုရဲ့ ခရီးစဉ်တွေကို ပူးပေါင်း ပြေးတာပါ”ဟု ၎င်းကဆိုသည်။

ခရီးစဉ်များအတွက် လေကြောင်းလိုင်း နှစ်ခုအနေနှင့် ခရီးသည် ခုနစ်ဆယ် ခန့်ဆံ့သည့် ATR 72 လေယာဉ် အမျိုးအစားများနှင့် အလှည့်ကျ ပျံသန်းပြေးဆွဲမည်ဖြစ်သည်။

အကျိုးတူ ပူးပေါင်း ပြေးဆွဲမှုကို ဇွန်လ ၁ ရက်မှ စက်တင်ဘာ လကုန်အထိသာ အကျုံးဝင်မည်ဖြစ်ပြီး ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များကို လေးသောင်း သုံးထောင်ကျပ်မှစတင်၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ရွှေမြန်မာ လေကြောင်းလိုင်းထံမှ သိရသည်။

“လေကြောင်းလိုင်း ပူးပေါင်း ပြေးဆွဲတော့ ကုန်ကျစရိတ် သက်သာတာနဲ့အမျှ ဝန်ဆောင်မှုကို ပိုပေးနိုင်ရင် အကောင်းဆုံးပဲ။ အေဂျင်စီတွေအတွက်တော့ ပိုအဆင်ပြေတယ်”ဟု ခရီးသွား လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယခုနှစ် မေလမှစ၍ မြန်မာ့အမျိုးသား လေကြောင်းလိုင်းနှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့ ပူးပေါင်း၍လည်း ပြည်တွင်း ခရီးစဉ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ မြစ်ကြီးနား၊ စစ်တွေ၊ ထားဝယ်၊ လားရှိုး၊ တာချီလိတ်၊ မုံရွာ၊ ဟုမ္မလင်း၊ ခန္တီး၊ ကလေးမြို့များသို့ အကျိုးတူ ပူးပေါင်း ပြေးဆွဲလျက်ရှိသည်။

ပြည်တွင်း လေကြောင်းလိုင်းများအနေနှင့် ရေရှည်ရပ်တည်နိုင်ရန် တူညီသော ခရီးစဉ်များကို ပူးပေါင်း၍ ပျံသန်းပြေးဆွဲသင့်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက ပြောကြားထားသည်။

J-14, J-06



FOLLOW US