News

POST TAGGED AS

လေကြောင်း

ဆီးရီးယားစစ်ပွဲတွင် တူရကီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံး၊ ထောင်ပေါင်းများစွာ ထွက်ပြေး


ဒမတ်စကတ်၊ မတ် ၁၈

တိုက်ပွဲဖြစ်နေသော အေဖရင်မြို့တွင် တူရကီတို့၏ အမြောက်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများသေဆုံးခဲ့ပြီး ထိုမြို့မှထွက်ပြေးရန် ကြိုးစားနေကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

သောကြာနေ့က တစ်ညတည်းမှာပင် အရပ်သားများ ဒါဇင်နှင့်ချီ၍သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်ဟု ကာ့ဒ်မီဒီယာက ထုတ်ပြန်ခဲ့သည်။ စနေနေ့တွင်လည်း နောက်ထပ်သေဆုံးမှုများ ရှိခဲ့သည်ဟု ယူကေအခြေစိုက် အကဲခတ်စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်သည်။

သောကြာနေ့က အမြောက်ကျည်ဆန်များသည် လူများလိုက်ပါလာသော ကားများကိုထိမှန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများတွင် ဆေးရုံတစ်ခုကို ထိမှန်ခဲ့သည်ဟု ဒေသခံများက ဘီဘီစီသို့ ပြောကြားသည်။

ကာ့ဒ်လူမျိုးအများစု နေထိုင်သော အေဖရင်မြို့မှ အရပ်သား ၁၅၀,ဝ၀၀ ခန့် ထွက်ပြေးသွားပြီဟု သိရှိရသည်။

တူရကီနယ်စပ်အနီး ကာ့ဒ်များနေထိုင်သော အေဖရင်ဒေသတွင် အမေရိကန် ထောက်ပံ့ထားသော ကာ့ဒ် YPG တပ်ဖွဲ့ကို တူရကီအစိုးရက အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ကာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

တူရကီနှင့်၎င်း၏မဟာမိတ် ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့ FSA တို့သည် အေဖရင်မြို့သိမ်း စစ်ဆင်ရေးတွင် ကျေးရွာအမြောက်အမြားကို သိမ်းပိုက်ရရှိထားပြီး FSA က အရပ်သားများ တောင်ဘက်သို့ ထွက်ပြေးနိုင်ရန် လမ်းဖွင့်ပေးထားသည်ဟု ပြောကြားသည်။

သို့ရာတွင် အေဖရင်ဒေသခံ ရန်ယာက အယ်မာမော်ဒီယာနယ်မြေတွင် အရပ်သားများ တင်ဆောင်လာသော သူမ၏ကားကို အမြောက်ကျည်ဆန် ထိမှန်ခဲ့သည်ဟု ပြောကြားသည်။ 

“နေရာတကာမှာ အလောင်းတွေချည်းပဲ။ ညပိုင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ အေဖရင်ဆေးရုံကို ပစ်မှတ်ထားတယ်။ အမြောက်မိုးရွာနေတော့ လူတွေက အလောင်းတွေ ထွက်မကောက်နိုင်ဘူး။ လမ်းပေါ်မှာ အလောင်းတွေ ရှိနေတုန်းပဲ”ဟု သူမက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတွင် ၁၆ ဦး သေဆုံးသွားသည်ဟု ဆီးရီးယား လူ့အခွင့်အရေး အကဲခတ်စောင့်ကြည့်ရေးအုပ်စုက ပြောကြားသည်။ ထိုဆေးရုံသည် အေဖရင်တွင် ကုသစောင့်ရှောက်မှုပေးနေသည့် တစ်ခုတည်းသော ဆေးရုံဖြစ်သည်ဟု သိရှိရသည်။

သို့ရာတွင် တူရကီတို့က ဆေးရုံကို တိုက်ခိုက်ခြင်းမပြုခဲ့ကြောင်းနှင့် နှစ်လကြာ စစ်ဆင်ရေးများအတွင်း အရပ်သားများကို ထိခိုက်စေခြင်းမရှိခဲ့ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။

တူရကီသမ္မတ အာဒိုဂန်က ၎င်း၏တပ်များသည် အေဖရင်ကိုရခါနီးပြီဟု ပြောဆိုထားသည်။

F-04



FOLLOW US