News

POST TAGGED AS

လောက်ကိုင်

ကိုးကန့် ဖွဲမီး

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် တိုက်ပွဲသံများ ပြန်လည် ဆူညံလာပြန်သည်။ တိုက်ပွဲသံတို့နှင့်အတူ အပြစ်မဲ့ပြည်သူ အများအပြားလည်း အသက် ပေးခဲ့ရသည်။ ထိုအထဲတွင် ပညာရေးဝန်ထမ်းအချို့လည်း အပါအဝင်ဖြစ်သည်။

တိုင်းကျော်ပြည်ကျော် ဖြစ်ပွားခဲ့ သည့် ၂၀၁၅ ခုနှစ် လောက်ကိုင်ပဋိပက္ခ နောက်ပိုင်း ပြန်မြင်လာရသည့် တိုက်ပွဲသံများကို မတ်လ ၆ ရက်နေ့တွင် စတင် ကြားသိခဲ့ရသည်။ လောက်ကိုင်မြို့နှင့် အနီးတစ်ဝိုက်ရှိ တပ်မတော်၊ ရဲတပ်ဖွဲ့ စခန်းအချို့နှင့် မြို့ပေါ်ပစ်မှတ်အချို့ကို ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။

ထူးခြားချက်မှာ ယင်းသို့ ဝင်တိုက်မည့်သတင်းကို တစ်ပတ်ခန့်ကတည်းက ကြိုတင်သိရှိရခြင်း ဖြစ်သည်။ လောက်ကိုင်မြို့နှင့် အနီးအပါးရှိ တပ်စခန်းများကို ဖုန်ကြားရှင်၏ တပ်ဖွဲ့များက ဝင်တိုက်မည်ဆို၍ အဆိုပါစခန်းများရှိ တပ်ဖွဲ့ဝင်မိသားစုများ နေရပ်ပြန်ရန် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးက ဆော်ဩခွင့်ပြုခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်နီးပါး ကာလက ဖြစ်ပွားသည့် လောက်ကိုင်တိုက်ပွဲသည်လည်း အလားတူဖြစ်သည်။

မြန်မာအစိုးရကို တိုက်ရန် ဖုန်ကြားရှင် ပြန်လာပြီဟူ၍ တရုတ်သတင်းမီဒီယာ တစ်ခုမှတစ်ဆင့် ကြွေးကြော်ကာ လပိုင်းအတွင်း အမှန်တကယ် တိုက်ပွဲများ ဖြစ်ပွားလာပြီး အပြစ်မဲ့ ပြည်သူများနှင့် တပ်မတော်သား အရာရှိစစ်သည် အများအပြား ကြွေလွင့်ခဲ့သည်။

ယခုလည်း တစ်ပတ်ခန့်ကြို၍ ဝင်တိုက်မည်ဟု သတင်းလွှင့်ကာ အမှန်တကယ် တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် ယင်းနေ့ မနက်ပိုင်း အတွင်း၌ပင် အရပ်သားငါးဦး၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်ငါးဦးနှင့် တပ်မတော် အရာရှိ စစ်သည်အချို့ ထိခိုက် ကျဆုံးခဲ့ကြောင်း၊ ယင်းအပြင် မီးဖွားပြီးသည်မှာ လပိုင်းသာ ရှိသေးသည့် မူလတန်းပြ ဆရာမတစ်ဦးလည်း သေဆုံးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

လက်ရှိ ဖြစ်ပွားနေသည့် လောက်ကိုင်မြို့နှင့် အနီးဝန်းကျင်မှ တိုက်ပွဲများ မတိုင်မီ သုံးရက်ခန့် အလိုတွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု ကိုယ်စားလှယ် အချို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များကို လာရောက် တွေ့ဆုံသည်။

ယင်းတွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် များစွာ အပြုသဘော ဆောင်ပြီး အလားအလာ ကောင်းကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထုတ်ဖော် ပြောဆိုပြီး တိုးတက်မှုများ မြင်ရမည်ဖြစ်ကြောင်း အသိပေးသည်။

သို့သော် ထိုသတင်းကောင်းက ရက်ကြာကြာ မခံလိုက်။

ကွတ်ခိုင်မြို့နယ် အတွင်းရှိ လားရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်းနံဘေးတွင် အခြေချသော တပ်မတော် စစ်စခန်းအချို့ကို KIA နှင့် TNLA တို့က ဝင်ရောက် တိုက်ခိုက်သဖြင့် တပ်မတော်သားအချို့ ထိခိုက်ကျဆုံးကြောင်း သတင်း၊ လောက်ကိုင်ကို ဝင်တိုက်သည့် သတင်းများက ထက်ကြပ်မကွာ လိုက်လာခဲ့သည်။

လောက်ကိုင်တိုက်ပွဲများ ဖြစ်ပွားသည့် နေ့တွင်းချင်းပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ လက်နက်ကိုင် တိုက်ခိုက်မှုများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ဦးတည်ကြရန် အလေးအနက် တိုက်တွန်းကြောင်း ကြေညာချက်ဖြစ်သည်။

ယခုကဲ့သို့ တိုက်ခိုက်မှုများက တိုင်းရင်းသား ပြည်သူအားလုံးကို အကျိုးမဲ့ အချည်းအနှီး ဖြစ်စေရုံသာမက ပဋိပက္ခ ဖြစ်ပွားရာ ဒေသရှိ ဒေသခံ ပြည်သူများကို  တိုက်ရိုက် ဆိုးကျိုးသက်ရောက်ကာ ဒုက္ခ ပင်လယ်ဝေစေကြောင်း အဆိုပါ တိုက်တွန်းလွှာတွင် ထောက်ပြပြောဆိုထားသည်။

ဖုန်ကြားရှင်၏ ကိုးကန့်အဖွဲ့ကလည်း တိုက်ခိုက်မှုများအတွက် ဖြေရှင်းချက် ထုတ်သည်။

တပ်မတော်က တပ်မနှစ်ခုနှင့် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တစ်ခုကို ကိုးကန့်ဒေသတွင် စုရုံးကာ ဇန်နဝါရီလ ၁၉ ရက်နေ့မှစ၍ ကိုးကန့် တပ်စခန်းများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ကြောင်း၊ ကိုးကန့်နှင့် မဟာမိတ် လက်နက်ကိုင်တပ်များကို အမြစ်ပြတ် ချေမှုန်းရန် ရည်ရွယ်ကြောင်း ဖြေရှင်းသည်။

ယင်းအတွက် မတ်လ ၆ ရက်နေ့ တိုက်ပွဲများကို ဖန်တီးရခြင်းဖြစ်ကြောင်း အကြောင်းပြထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်မူ ကိုးကန့်တပ်ဖွဲ့များသည် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် မုံးကိုးတိုက်ပွဲ အပါအဝင် တိုက်ပွဲအချို့ ဆင်နွှဲ၍ ကိုးကန့်ဒေသကို ပြန်လည် ခြေကုပ်ယူရန် ကြိုးပမ်းနေကြောင်း၊ အခိုင်အမာ ခံစစ်စခန်း အချို့ကိုလည်း တည်ဆောက်နေသည်ကို စုံစမ်း သိရှိရသဖြင့် ဇန်နဝါရီလ ၁၉ ရက်မှ စတင်ကာ ထိုခြေကုပ်စခန်းတို့ကို သိမ်းပိုက်နိုင်ရန် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း အသိပေးထားသည်။

ဇန်နဝါရီလ ၁၉ ရက်မှ ဖေဖော်ဝါရီ လ ၁၁ ရက်နေ့အထိ တိုက်ပွဲ ၅၆ ကြိမ် ဖြစ်ပွားကြောင်းလည်း ဆိုသည်။

နှစ်ဖက်အဖွဲ့များ၏ ထုတ်ပြန်ပြောဆိုချက်များအရ ကိုးကန့်ဒေသတွင် နေ့စဉ်လိုလို တိုက်ပွဲကြီးငယ်များ ဖြစ်ပွားနေပြီး မြို့ပြသို့ပါ ကူးစက်လာသဖြင့် ဒေသခံ ထောင်ချီ၍ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရသည်။ ယင်းတို့အထဲတွင် လောက်ကိုင်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သား အများအပြား ပါဝင်ပြီး လားရှိုး၊ မန္တလေးမြို့တို့မှတစ်ဆင့် ဇာတိ ရပ်ရွာများသို့ လုပ်သားများ ခွာစစ်ဆင်ခဲ့ရသည်။

၂၀၁၅ ခုနှစ် လောက်ကိုင်တိုက်ပွဲများ ဖြစ်ပွားစဉ်ကလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်ရှိ စီးပွားရေး တိုးတက်ဖွံ့ဖြိုးသော ကိုးကန့်မြို့တော် လောက်ကိုင်သို့ သွားရောက် အလုပ်လုပ်ကိုင်သည့် ပြည်မသားများ တိုက်ပွဲများကြောင့် အသက်စွန့်ကာ နေရပ်ပြန်လာရပြီး လမ်းခုလတ်တွင်လည်း ပစ်ခတ် တိုက်ခိုက်မှုအချို့နှင့် ရင်ဆိုင်ခဲ့ကြရသေးသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့က ၂၁ ရာစု ပင်လုံညီလာခံ ပြန်စနိုင်ရေး အားခဲနေချိန် မြောက်ပိုင်းဒေသတွင် လက်နက်ကိုင်အဖွဲ့ အများအပြားနှင့် တပ်မတော်တို့အကြား တိုက်ပွဲသံများက နေ့စဉ် ရက်ဆက် ကြားနေရဆဲ ဖြစ်သည်။

ထိုအဖွဲ့ အားလုံးလိုလိုနှင့် တပ်မတော်တို့အကြား အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသေးသလို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် ယင်းအဖွဲ့များ ပါဝင်လာစေရေးမှာလည်း မပြေလည်သေးပေ။

တရုတ်တိုင်းရင်းသား ဟန်မျိုးနွယ်စုတွင် ပါဝင်သည်ဆိုသော ကိုးကန့်တို့မှာ မြန်မာ့ငြိမ်းချမ်းရေးတွင် သမိုင်းကြီးသူများ ဖြစ်သည်။ တပ်မတော်၏ နှစ်ရှည်လများ  ရန်သူတော်ကြီး ဖြစ်ခဲ့သော ဗမာပြည် ကွန်မြူနစ်ပါတီတပ်ဖွဲ့ကို ဖြိုခွဲရာ၌ ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့က အထင်ကရနေရာမှ ပါဝင်ခဲ့သည်။

ယခင်က ကွန်မြူနစ်တပ်မှူးဟောင်း ဖြစ်ခဲ့သူ ဖုန်ကြားရှင်သည် ဗကပမှ ခွဲထွက်၍ တစ်စင်ထောင်ခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် တာဝန် ထမ်းဆောင်ချိန်က ဖြစ်သည်။ အစိုးရကလည်း အပြန်အလှန်အားဖြင့် ဖုန်ကြားရှင်၏ ကိုးကန့်အဖွဲ့ကို ငြိမ်းချမ်းရေးအဖွဲ့အဖြစ် အသိအမှတ်ပြုပြီး ကိုးကန့်ဒေသကို အပိုင် စားပေးခဲ့သည်။

ယင်းနောက်ပိုင်း လောက်ကိုင်မြို့သည်လည်း တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာပြီး တရုတ်စီးပွားရေးသမားများ ကျင်လည် ကျက်စားရာ နာမည်ကျော် ဒေသတစ်ခု ဖြစ်လာခဲ့သည်။ ၂၀ဝ၉ ခုနှစ်တွင် ဖုန်ကြားရှင်အဖွဲ့နှင့် တပ်မတော်တို့အကြား ပဋိပက္ခဖြစ်ရာ ဖုန်ကြားရှင်နှင့် သူ၏တပ်ဖွဲ့ဝင်များ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ထိုအနာသည် တမြေ့မြေ့ လှိုက်စားကာ ဖုန်ကြားရှင်၏ လောက်ကိုင်ဒေသ ပြန်လည် သိမ်းပိုက်ရေး စီမံချက်နှင့် ယနေ့ မျက်မှောက်ကာလ ပဋိပက္ခများကို မွေးဖွား ပေးခဲ့သည်။ ဖုန်ကြားရှင်၏ စီမံချက်မှာ ကံမကောင်း အကြောင်းမလှစွာဖြင့်ပင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပါ အကြီးအကျယ် ခြိမ်းခြောက်သည့် ပြဿနာတစ်ရပ် ဖြစ်လာရသည်။

မတ်လ ၆ ရက်က ပြန်စလာသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် အရေအတွက်မှာ ထောင်ဂဏန်း ရှိပြီဖြစ်ကြောင်း ယင်းတို့ကို အကူအညီ ပေးနေသော အရပ်ဘက် အဖွဲ့အစည်းများက ဆိုသည်။ လောက်ကိုင်မြို့နှင့် အနီးတစ်ဝိုက်တွင်လည်း ယနေ့အထိ တိုက်ပွဲများ ကြိုကြား ဖြစ်ပွားနေသေးကြောင်း ကိုးကန့်အဖွဲ့က ပြောဆိုထားသည်။

အစိုးရနှင့် တပ်မတော်ကမူ ယခု ပဋိပက္ခကို သတိကြီးစွာ ကိုင်တွယ်နေဟန် ရှိသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေ့တွင် သတင်းထုတ်ပြန်မှုအချို့ ချက်ချင်း ပြုလုပ်ခဲ့သော်လည်း နောက်ဆက်တွဲ မရှိ။

ယခင်ကာလ တိုက်ပွဲများတွင် နေ့စဉ် ထိတွေ့မှုများ၊ ထိခိုက်ကျဆုံးမှုများ၊ သိမ်းပိုက်ရရှိမှုများကို ဆက်တိုက်ဆိုသလို ထုတ်ပြန် အသိပေးလေ့ ရှိတတ်သော်လည်း ယခုမူ ထိုကိန်းဂဏန်းများကိုလည်း ထိန်းသိမ်းထားသည်။

နှစ်ရှည်လများ တမြေ့မြေ့ ကျွမ်းလောင်နေသော ဖွဲမီးပမာ ပြဿနာကို သတိကြီးစွာ ကိုင်တွယ်နေရသည်။

တပ်မတော်က ထိုမီးကို ငြှိမ်းမည့်လမ်းကြောင်းအား အောက်ပါအတိုင်း အသိပေးထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းများအား လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည်ဟူ၍ ဖြစ်သည်။

ကိုးကန့်ဒေသတွင် ကြယ်ကြွေညများ အတောသတ်နိုင်ဖွယ် မရှိသေး။

နော်ကိုကို



FOLLOW US