News

POST TAGGED AS

လေယာဉ်

ဆီယေတဲလ်လေဆိပ်မှ လေယာဉ်ခိုးယူပျံသန်းသွားသည့် စက်ပြင်ဆရာသည် ပတ်ဝန်းကျင်တွင် နာမည်ကောင်းရထားသူဟုဆို


နယူးယောက်၊ ဩဂုတ် ၁၂

ယမန်နေ့က အမေရိကန်ပြည်ထောင်စု ဆီယေတဲလ်-တာကိုမား နိုင်ငံတကာလေဆိပ်မှ ခရီးသည်တင်လေယာဉ်ကို ခိုးယူသွားသော လေယာဉ်စက်ပြင်ဆရာသည် လုပ်ငန်းခွင်တွင်သာမက လူမှုပတ်ဝန်းကျင်တွင် နာမည်ကောင်းရထားသူတစ်ဦးဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အသက် ၂၉ နှစ်အရွယ်ရှိပြီး ဘီးဘိုဟု ချစ်စနိုးခေါ်သည့် အမည်ရှိသူသည် Horizon Air လေကြောင်းတွင် လေယာဉ်ဆွဲခြင်း၊ လေယာဉ်သန့်ရှင်းခြင်နှင့် ဝန်စည်စလယ်များ အတင်အချပြုလုပ်ခြင်း စသည့်အလုပ်များကို ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ခဲ့သူဖြစ်သည်။ 

အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ ၎င်း၏အမည်မှာ ရစ်ချတ်ရပ်ဆဲလ်ဖြစ်ပြီး ၎င်းသည်သောကြာနေ့က ဆီယေတဲလ်-တာကိုမား နိုင်ငံတကာလေဆိပ်ရှိ ဖော်ကာအမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းကို မောင်းနှင်ပျံသန်းသွားရာ အမေရိကန် ဂျက်တိုက်လေယာဉ် နှစ်စင်းက နောက်ကလိုက်ရသည်အထိ ဖြစ်ခဲ့ရသည်။ 

ရစ်ချတ်ရပ်ဆဲလ်သည် ၎င်းယူငင်လာသည့်လေယာဉ်ကို လေထဲတွင် စတန့်မျိုးစုံလုပ်ကာပျံသန်းပြီးနောက် ကျွန်းတစ်ခုပေါ်သို့ ထိုးချပစ်ခဲ့ရာ မီးလောင်ပေါက်ကွဲမှုနှင့်အတူ သေဆုံးသွားခဲ့ရသည်။ 

သူသည် လေထဲတွင် မိနစ် ၉၀ ခန့် ပျံသန်းမောင်းနှင်ပြီး လူသူမရှိသော ကီထရွန်ကျွန်းပေါ်သို့ ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။ 

“အဲဒီအချိန်မှာတော့ လေယာဉ်ပေါ်မှာ သူတစ်ယောက်တည်း ပါသွားတာ။ ဒါပေမဲ့ ဟုတ်ပါတယ်၊ ပျက်ကျတဲ့နေရာမှာ လူရှိ၊ မရှိဆိုတာ အတည်မပြုနိုင်သေးဘူး”ဟု ဆီယေတဲလ်ခရိုင် FBI အကြီးအကဲ ဂျေတပ်က ပြောကြားသည်။ 

လေဆိပ်တာဝါနှင့် ဆက်သွယ်ပြောဆိုထားသော စကားမှတ်တမ်းများတွင် ရစ်ချတ်ရပ်ဆဲလ်ဟု ယူဆရသူ၏ စကားသံများအရ ၎င်းသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသူ မဟုတ်ပေ။ 

သူ၏ လုပ်ရပ်အတွက် သူချစ်ခင်ရသူများအားလုံးကို အထူးပင် တောင်းပန်ကြောင်း နောက်ဆုံးပြောကြားသွားခဲ့သည်။ 

မိမိသည် အထီးကျန်ပူဆွေးသောက ရောက်နေရသူတစ်ဦးသာဖြစ်သည်ဟု ပြောဆိုသွားသည်။ 

ရစ်ချတ်ရပ်ဆဲလ်၏ မိသားစုဝင်များက ၎င်းတို့အနေနှင့် လွန်စွာအံ့အားသင့်ရသလို အသည်းကွဲခဲ့ရကြောင်း ဖော်ပြထားသည်။ 

“သူသည် သစ္စာရှိသည့် ခင်ပွန်းတစ်ယောက်၊ ချစ်စရာကောင်းသည့် သားကောင်းတစ်ယောက်၊ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ခဲ့သည်”ဟုလည်း ဆက်လက်ဖော်ပြသည်။ 

အွန်လိုင်းဘလော့ဂ်တစ်ခု၏ ဖော်ပြချက်အရ ရစ်ချတ်ရပ်ဆဲလ်သည် ဝါရှင်တန်ခရိုင်၊ ဆွမ်မာတွင်နေထိုင်ခဲ့သည်။ 

၎င်းသည် ဖလော်ရီဒါပြည်နယ် ကီးဝက်စ်တွင် မွေးဖွားခဲ့ပြီး အသက်ခုနစ်နှစ်အရွယ်တွင် ဝက်စလီယာ (အလက်စကာ) သို့ ပြောင်းရွှေ့သွားခဲ့သည်။ 

ယင်းဘဘော့တွင် ရစ်ချတ်က Horizon Air လေကြောင်းလိုင်းတွင် ၎င်းလုပ်ကိုင်ရသော အလုပ်နှင့်ပတ်သက်၍ စာရေးသားခဲ့သည်။ အလက်စကာသို့ လေယာဉ်ဖြင့် ပျံသန်းသွားနိုင်သည်ဟု ၎င်းက ဆိုခဲ့သည်။ 

F-01



FOLLOW US