News

POST TAGGED AS

လေဆိပ်

ရန်ကုန်လေဆိပ် လုံခြုံရေး အဆင့်မြှင့်တင်သင့်ပြီ
လူသားတစ်ယောက်အတွက် အရေးအကြီးဆုံးက ဘာလဲလို့ မေးလာရင် မိမိရပ်တည်နေရတဲ့ အခြေအနေ၊ အချိန်အခါနဲ့ နေရာဒေသအလိုက် အဖြေကလည်း အမျိုးမျိုး ဖြစ်နေပါလိမ့်မယ်။ စားစရာ မရှိတဲ့သူက စားဖို့ကိစ္စက အရေးအကြီးဆုံးလို့ ဆိုနိုင်သလို နေစရာ မရှိတဲ့သူကလည်း နေဖို့ကိစ္စက အရေးအကြီးဆုံးလို့ ဆိုပါလိမ့်မယ်။ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် မွေးလာတဲ့ ကလေးတစ်ယောက်အတွက် မိခင်နို့ သောက်စို့ရေးဟာ အရေးကြီးသလို သူ့အတွက် နွေးနွေးထွေးထွေးရှိဖို့၊ အအေးမမိဖို့၊ နေပူမမိဖို့၊ ခြင်ကိုက်မခံရဖို့ စတာစတာတွေဟာလည်း အသက်တမျှ အရေးပါလှပါတယ်။ ဆိုရရင်တော့ မွေးလာတဲ့ ကလေးတစ်ယောက်အတွက် လုံလုံခြုံခြုံ ရှိရေးဟာလည်း အရေးကြီးလှပါတယ်။

ကျောင်းနေအရွယ် ရောက်လာတော့လည်း ကျောင်းသွားကျောင်းလာ အန္တရာယ် ကင်းဖို့အရေးဟာ မိဘတွေအတွက် မိမိသားသမီး စာတတ်ဖို့အရေးထက်တောင် ပိုပြီး အရေးကြီးလာတာကို တွေ့ရပါတယ်။ ဒီနေ့ခေတ် မိဘတွေဆိုရင် မူကြို/မူလတန်းအရွယ်ကစလို့ အလယ်တန်း၊ အထက်တန်း ရောက်သည်အထိ (ကျောင်းကားမရှိတဲ့ ကျောင်းတွေအတွက်) ကျောင်းပို့၊ ကျောင်းကြို လုပ်ရတာဟာ သူတို့ရဲ့ အဓိက အလုပ်တစ်ခု ဖြစ်နေပါပြီ။ ပြောရမယ်ဆိုရင် လုံခြုံရေးဆိုတာ လူသားတစ်ယောက် အနေနဲ့ မွေးကင်းစကနေသေတဲ့အထိ မိမိရဲ့ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ်အရေးပါတဲ့ ကိစ္စတစ်ရပ်သာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတွေဟာ မိမိရဲ့ တစ်ကိုယ်တော် လုံခြုံရေးအတွက် နည်းလမ်း အမျိုးမျိုး ရှာကြံဆောင်ရွက် လာကြပါတယ်။ နာမည်ကျော်ကြားပြီး လူသိများ ထင်ရှားသူ (Celebrity) တွေဟာ ကိုယ်ရံတော်တွေ ထားကြသလို ပုဂ္ဂလိက အဖွဲ့အစည်းတွေဆိုရင်လည်း ကိုယ်ပိုင် လုံခြုံရေးအဖွဲ့တွေထားကြတာ အခုဆိုရင် မြန်မာနိုင်ငံမှာတောင် တော်တော်များနေပါပြီ။

နိုင်ငံတော် အစိုးရဆိုတာ နိုင်ငံအတွက် အရေးပါတဲ့ လူပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးအတွက် အလေးထား ဆောင်ရွက်ကြရသလို အများပြည်သူနဲ့ ဆိုင်ပြီး လူဝင်လူထွက်များတဲ့ နေရာဒေသတွေရဲ့လုံခြုံရေးကိုလည်း ဆောင်ရွက်ပေးကြရပါတယ်။ တစ်နည်းပြောရရင် အစိုးရတစ်ရပ်ဟာ  နိုင်ငံသူ နိုင်ငံသားတွေရဲ့ စားဝတ်နေရေးပြည့်စုံ ဖူလုံစေဖို့နဲ့ လူမှုဘဝ အဆင့်မြင့်မားရေးအတွက် တာဝန်ရှိသလို နိုင်ငံသား တစ်ဦးချင်းရဲ့ လုံခြုံရေးအတွက်လည်း တာဝန်ရှိပါတယ်။ ဒါကြောင့် အများနဲ့ဆိုင်တဲ့ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေ၊ ပြပွဲတွေနဲ့ အရေးကြီးတဲ့ အဆောက်အအုံတွေမှာ လုံခြုံရေး အဖွဲ့အစည်းတွေကို တာဝန်ပေးအပ် ဆောင်ရွက်စေတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ကြရာမှာ နိုင်ငံအတွက် အရေးအပါဆုံး နေရာတွေကို ပထမအဆင့် ဦးစားပေးပြီး ဆောင်ရွက်ကြပါတယ်။ ဥပမာပြောရရင် နိုင်ငံတော် သမ္မတရုံးနဲ့ သမ္မတအိမ်တော်၊ အစိုးရအဖွဲ့ရုံးနဲ့ အကြီးအကဲများရဲ့နေအိမ်များ၊ လွှတ်တော် အဆောက်အအုံများနဲ့ အခြားအရေးပါသော နေရာဌာနများ ဖြစ်ကြပါတယ်။ အထူးသဖြင့် ပြည်တွင်း ခရီးသွားများသာမက နိုင်ငံခြားသား ခရီးသွားများပါ အသွားအလာ အဝင်အထွက်များတဲ့ နိုင်ငံတကာ လေဆိပ်လိုနေရာတွေဟာ အဓိက အရေးအပါဆုံးဖြစ်ပြီး လုံခြုံရေးအရ အထူးအလေးပေး ဆောင်ရွက်ကြရပါတယ်။

ဘာကြောင့်လဲဆိုတော့ လေဆိပ် အဆောက်အအုံရဲ့လုံခြုံရေး၊ ခရီးသည်တွေရဲ့ လုံခြုံရေးအပြင် ခရီးသည်ယောင်ဆောင်ဆောင်ပြီးတော့ လေယာဉ်ကို ပြန်ပေးဆွဲကာ နိုင်ငံရေး အပေးအယူ လုပ်တာမျိုးတွေ ရှိနိုင်တဲ့အတွက် ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း လေဆိပ်မှာ ဗုံးခွဲမှုတွေ၊ လေယာဉ် ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဘယ်နိုင်ငံပဲဖြစ်ဖြစ် လေဆိပ်လုံခြုံရေးကို အလေးထား ဆောင်ရွက်ကြပါတယ်။

နိုင်ငံတစ်ခုရဲ့ အဓိက ဝင်ပေါက်တံခါးဝ ဖြစ်တဲ့ လေဆိပ်လုံခြုံရေးဟာ စိတ်မချရရင် သို့မဟုတ် စိတ်မချရဘူးလို့ ယူဆသွားရင်၊ နိုင်ငံခြားသား အဝင်အထွက် နည်းသွားပြီးတော့ ခရီးသွားလုပ်ငန်း အပါအဝင် တခြားသော စီးပွားရေး လုပ်ငန်းများမှာပါ များစွာ ထိခိုက်နိုင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်ကို စတင် ကျင့်သုံးပြီးနောက်ပိုင်း နိုင်ငံခြားသား အဝင်အထွက် များလာပြီး ခရီးသွား လုပ်ငန်းဟာလည်း ယခင်ကထက်စာရင် များစွာ ဖွံ့ဖြိုးတိုးတက်လာပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေကို ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းပြီး ဖြစ်တဲ့အပြင် မကြာမီမှာလည်း နည်းဥပဒေ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံခြားက စီးပွားရေး လုပ်ငန်းရှင်တွေက တာစူနေကြပါပြီ။ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် ချိန်ဆနေတဲ့ အချက်တွေကတော့ လျှပ်စစ်မီး အချိန်ပြည့်၊ အလုံအလောက် ရရှိရေး၊ ဆက်သွယ်ရေး လျင်မြန်မှုရှိရေးနဲ့ လုံခြုံစိတ်ချရမှုရှိရေး စတာတွေ ပဲဖြစ်ပါတယ်။

နိုင်ငံခြားသားတွေ အနေနဲ့ လုံခြုံရေးကိစ္စကို ထည့်သွင်း စဉ်းစားလာရတာကတော့ မကြာသေးမီ နှစ်ကာလများအတွင်း မြန်မာနိုင်ငံမှာ ရာဇဝတ်မှုများ ထူပြောလာခြင်းက အဓိက အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ လုယက်မှု၊ မုဒိမ်းမှု၊ လူသတ်မှု များစွာဖြစ်ပေါ်ခဲ့ပြီး လေးလောင်းပြိုင်လူသတ်မှု အပါအဝင် အမှုတော်တော်များများကို မဖော်ထုတ်နိုင်သေးတာဟာ ပြည်တွင်း ပြည်ပ လူတော်တော်များများကို စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပြည်ပ ဆိုက်ရောက်ဆောင်ပြင်ပမှာ တရားလွှတ်တော် ရှေ့နေဦးကိုနီကို သေနတ်သမားတစ်ဦးက အနီးကပ် လုပ်ကြံသတ်ဖြတ်မှုဟာ ဒီလို စိုးရိမ်ထိတ်လန့်မှုတွေကို အမြင့်ဆုံးသို့ ရောက်ရှိသွားစေတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိက ပြည်တွင်း ဝင်ပေါက်တံခါးဝဖြစ်တဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အရင်ကတည်းက လုံခြုံရေးအရ အဓိက အရေးကြီးတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း လေဆိပ်ရဲ့ လုံခြုံရေးအဆင့်ကို တိုးမြှင့်ခဲ့ပြီး သီးခြား လေကြောင်းရဲတပ်ဖွဲ့အဖြစ် ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ပါတယ်။ တိုးတက်လာတဲ့ ပြည်တွင်းပြည်ပ ခရီးသွားဦးရေနဲ့ လိုက်လျောညီထွေစွာ ပြည်တွင်းပြည်ပ ခရီးသည်တွေအတွက် ဆိုက်ရောက်။ ထွက်ခွာ အဆောက်အအုံ အသစ်တွေကိုလည်း တိုးချဲ့ တည်ဆောက်ခဲ့ပါတယ်။ ဒီလို အဆောက်အအုံတွေ တိုးချဲ့၊ လုံခြုံရေး အင်အားတွေ တိုးချဲ့ ဖွဲ့စည်းခဲ့ပေမယ့် လုံခြုံရေးဆိုင်ရာ စနစ်တွေကိုတော့ နိုင်ငံတကာအဆင့်မီ တိုးမြှင့် မဆောင်ရွက်နိုင်သေးဘူးလို့ ထင်မြင်ယူဆပါတယ်။

နိုင်ငံတကာအဆင့် ဆိုတာတွေကို ခဏထားလိုက်ပါဦး လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်ကိုပဲ ကြည့်လိုက်ရင် လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက် ရှိတယ် ဆိုတာကတော့ ငြင်းလို့မရပါဘူး။ လုံခြုံရေးရဲ့ သဘောသဘာဝမှာ အတွင်းစည်း အပြင်စည်းဆိုတာ ရှိပါတယ်။ အများအားဖြင့် လုံခြုံရေး အားနည်းချက် ဖြစ်ပေါ်တတ်တာက အတွင်းစည်းနဲ့အပြင်စည်း ဆက်စပ်တဲ့ နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဥပမာတစ်ခုပေးရရင် မော်တော်ကားလမ်းတွေမှာရှိတဲ့ တံတားနဲ့ကားလမ်း အဆက်အစပ်နေရာတွေမှာ အနိမ့်အမြင့် မညီမညာ ဖြစ်နေတဲ့အတွက် မော်တော်ကားဟာ (အမှတ်တမဲ့ မောင်းလာရင်) အဲဒီနေရာရောက်ရင် ခုံပေါက်မြောက်တက်သွားလေ့ရှိပါတယ်။ ဒါကြောင့် ဒီလိုနေရာမျိုးတွေကျရင် ယာဉ်မောင်းက ကားကို ဖြည်းညင်းစွာ မောင်းရတာကို သတိပြုမိကြမယ် ထင်ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရလဲ ဆိုတော့ တံတားတည်ဆောက်တဲ့သူဟာ သူ့တာဝန်သူကျေအောင်သာ တံတားကို ဒီဇိုင်းနဲ့အညီ ဆောက်လုပ်သွားတာဖြစ်သလို လမ်းဖောက်လုပ်သူကလည်း သူ့တာဝန်သူ ကျေပွန်အောင်သာ ဖောက်လုပ်ပြီး တံတားနဲ့ အဆက်အစပ်ရှိရှိ လိုက်လျောညီထွေ ဖြစ်ဖို့ မကြိုးစားခဲ့ပါဘူး။ ဒါဟာ ဘာကိုပြသလဲဆိုရင် နှစ်ဦးနှစ်ဖွဲ့ ဆက်စပ်လုပ်ကိုင်ရတဲ့နေရာတိုင်း အဆက်အစပ်နေရာတွေမှာ အားနည်းတတ်တယ်ဆိုတာ ပြောချင်တာပါ။ လုံခြုံရေးမှာလည်း ဒီသဘောအတိုင်းပါပဲ။ အတွင်းစည်းမှာ တာဝန်ကျတဲ့သူတွေဟာ မိမိတို့ရဲ့ အတွင်းစည်းကိုသာ အဓိက အာရုံစိုက်ပြီး အတွင်းစည်းရဲ့ အစွန်အဖျားဖြစ်တဲ့ အပေါက်ဝလိုနေရာမျိုးမှာ အာရုံစိုက်မှု အားနည်းတတ်တာပဲ ဖြစ်ပါတယ်။ အလားတူပဲ အပြင်စည်းမှာ တာဝန်ကျသူတွေဟာ မိမိတို့တာဝန်ရှိတဲ့ အပြင်စည်းကိုသာ အာရုံပြုလေ့ရှိပြီး အတွင်းစည်းနဲ့ အဆက်အစပ်နေရာတွေမှာ အားနည်းတာပဲဖြစ်ပါတယ်။ အထူးသဖြင့် အပြင်စည်းနဲ့ ပတ်သက်ပြီး အားနည်းချက် တော်တော်များများ ရှိတယ်ဆိုတာကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညက မြန်မာ့ရုပ်သံ ထုတ်လွှင့်ချက်မှာ အငှားယာဉ်မောင်းများက ထုတ်ဖော် ပြောဆိုခဲ့ကြတာကို ကြားသိလိုက်ရပါတယ်။

၁၉၉၂-၉၃ ခုနှစ်လောက်က ရန်ကုန်မြို့၊ ကန်တော်ကြီးမှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့ရိုးရာ လှေသဘင် ပွဲတော်တွေမှာ ကျွန်တော်ဟာ ဗဟိုအဆင့် လုံခြုံရေးကော်မတီ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ရပါတယ်။ အဲဒီတုန်းက ကော်မတီဥက္ကဋ္ဌဟာ ဒုတိယတိုင်းမှူး သူရဦးမြင့်မောင်(နောင်ပြည်ထဲရေး ဒုဝန်ကြီးနဲ့ သာသနာရေးဝန်ကြီး) ဖြစ်ပါတယ်။ သူက လုံခြုံရေး အတွင်းစည်းနဲ့ အပြင်စည်းတို့အကြား အဆက်အစပ်နေရာမှာ ကွာဟမှု မဖြစ်စေရေးအတွက် အသေအချာ အသေးစိတ်မှာကြားလို့် အတွင်းစည်း တာဝန်ယူရတဲ့ ထလရအဖွဲ့တွေနဲ့ အပြင်စည်း တာဝန်ယူရတဲ့ ရဲတပ်ဖွဲ့နဲ့ အရပ်ဘက် လုံခြုံရေးအဖွဲ့တွေဟာ အကြားအလပ် မရှိအောင် ဆောင်ရွက်ခဲ့ရပါတယ်။ အဝေးစည်း လုံခြုံရေးကိုတော့ ရန်ကုန် တိုင်းစစ်ဌာနချုပ်ရဲ့တပ်တွေက ရန်ကုန်မြို့တော်ရဲ့ အဝင်အထွက်မြို့တွေမှာ တာဝန်ယူရပါတယ်။

ဆက်လက်ပြီး တင်ပြချင်တာကတော့ ဒီနေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ နိုင်ငံတကာအဆင့်မီ နည်းပညာသုံး ပစ္စည်းကိရိယာများ အသုံးပြုမှု နည်းပါးသေးခြင်းနဲ့ နည်းပညာဆိုင်ရာ ပစ္စည်းအသုံးပြုမှု ကျွမ်းကျင်သူ နည်းပါးခြင်းပဲ ဖြစ်ပါတယ်။ တစ်ခု ကံကောင်းနေသေးတာကတော့ မြန်မာနိုင်ငံမှာ ပြစ်မှုကျူးလွန်သူတွေဟာ အဆင့်မြင့်နည်းပညာ အသုံးပြုမှု နည်းပါးနေသေးတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာတော့မယ့်ကာလမှာ ဒီလိုပြစ်မှုမျိုးတွေ မကျူးလွန်ပါဘူးလို့ ဘယ်သူကမှ အာမ မခံနိုင်ပါဘူး။ နိုင်ငံတကာက ပြစ်မှု ကျူးလွန်သူတွေဟာ ဒီအချက်ကိုသိရှိပြီး ဒီလိုပြစ်မှုမျိုးတွေကို ကျူးလွန် လာနိုင်ပါတယ်။ ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ မြောက်ကိုရီးယားက ဇင်ဘိုတို့၊ ကင်မင်ချူးတို့ တောင်ကိုရီးယားသမ္မတကို ရည်ရွယ်တဲ့ လုပ်ကြံမှုဟာ အဲဒီအချိန်က အာဇာနည်ကုန်းရဲ့ လုံခြုံရေးအားနည်းချက်ကို အခွင့်အရေး ယူပြီး အဆင့်မြင့် အဝေးထိန်းစနစ်နဲ့ ဗုံးခွဲလုပ်ကြံခဲ့ကြတာ ဖြစ်ပါတယ်။

လုံခြုံရေးနဲ့ပတ်သက်လို့ ပြောစမှတ်စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ "လုံခြုံရေးနဲ့ ပတ်သက်လာရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်"ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မဖြစ်သေးတဲ့ ကိစ္စတွေကို မဖြစ်နိုင်ပါဘူးကွာလို့ ပြောနေမယ့်အစား၊ မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့နဲ့ ဖြစ်လာရင် ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့လိုပြီ ဖြစ်ပါတယ်။

ဒီဆောင်းပါး ရေးနေစဉ်မှာပဲ နိုင်ငံတော်သမ္မတရုံးက ကြေညာချက် တစ်ရပ်ထုတ်ပြန်ရာမှာ "လုံခြုံရေး အစီအမံများကို အထူးအလေးထား ဆောင်ရွက်သွားမည်"ဆိုပြီးတော့ ပါရှိပါတယ်။ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်းနဲ့အတူ တစ်ဆက်တည်း အကြံပြု တင်ပြချင်တာကတော့ ဒီလိုစီမံဆောင်ရွက်တဲ့နေရာမှာ ပြည်တွင်း အတွေ့အကြုံလောက်နဲ့ ဆောင်ရွက်မယ့်အစား နိုင်ငံတကာအဆင့်မီ လုံခြုံရေးစနစ် ဖြစ်ဖို့အတွက် နိုင်ငံတကာမြို့ကြီးတွေက လေဆိပ်လုံခြုံရေး စီမံဆောင်ရွက်ထားရှိမှုတွေကို သွားရောက် လေ့လာစေခြင်း၊ သင်တန်းများ စေလွှတ်ခြင်း စတာတွေကို ဆောင်ရွက်သင့်ပါတယ်။

နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံရဲ့ အဓိက ဝင်ပေါက်ဖြစ်တဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့လုံခြုံရေးကို အဆင့်မြှင့်တင်ခြင်းအားဖြင့်  အကြောင်း အမျိုးမျိုးနဲ့ လာရောက်ကြတဲ့ နိုင်ငံခြားသား ခရီးသွားများ (မိမိတို့ရဲ့လုံခြုံရေးကို စိတ်ချယုံကြည်စွာနဲ့) ပိုမိုဝင်ရောက်လာကြမှာဖြစ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုကိုပါ တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်...။

သိန်းထက်အောင်



FOLLOW US