News

POST TAGGED AS

လေဆိပ်

ရန်ကုန်လေဆိပ်တွင် အကောက်ခွန်မဲ့ သယ်ဆောင်လာသည့် ရွှေထည်ပစ္စည်းများကို ဖမ်းမိ
ရန်ကုန်၊ မတ် ၆

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လ ၄ ရက် ညနေ ၅ နာရီ ဝန်းကျင်က Terminal-1 ပြည်ပ ဆိုက်ရောက်ဆောင်တွင် အကောက်ခွန်မဲ့ သယ်ဆောင်လာသည့် ရွှေထည်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းရွှေထည်ပစ္စည်းများကို သယ်ဆောင်လာသော မြန်မာနိုင်ငံသား ဇနီးမောင်နှံမှာ ဟောင်ကောင်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ Dragon Air လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ခရီးသည်များဖြစ်ပြီး ၎င်းတို့၏ ခရီးဆောင်အိတ်များအတွင်းမှ အမေရိကန် ဒေါ်လာ ၇၁၂၉၀ တန်ဖိုးရှိသော ရွှေဆွဲကြိုး ၉၄၁ ကုံး၊ လက်ကောက် ၂၂၀ ကွင်း၊ ဟန်းချိန်း ၁၁၅ ခု၊ လက်စွပ် ၁၆၃ ကွင်း၊ နားကပ် ၁၃၇ ရန်နှင့် ဆွဲသီး ၁၃၇ ခုတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ရွှေထည်ပစ္စည်းများ သယ်ယူလာသည့် ဇနီးမောင်နှံမှာ ၎င်းတို့ပိုင်သည့် ရတနာဆိုင်တွင် အဆိုပါရွှေထည်များကို ပြန်လည်ရောင်းချရန် ဟောင်ကောင် ကျောက်မျက်ရတနာပြပွဲမှ ဝယ်ယူလာခြင်းဖြစ်ပြီး ယင်းပစ္စည်းများမှာ အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်နေသောကြောင့် အကောက်ခွန်ဦးစီးဌာနမှ ယင်းပစ္စည်းများကို သိမ်းယူခဲ့ပြီး သိမ်းဆည်းသည့်နေ့မှ နှစ်ပတ်အတွင်း ပစ္စည်းပိုင်ရှင်က တရားဝင်တင်သွင်းခွင့် အထောက်အထားများနှင့် ထုချေရှင်းလင်းရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းတင်သွင်းမည့် အထောက်အထားများမှာ ကိုက်ညီမှန်ကန်ပါက ပစ္စည်းများကို ပြန်လည်ထုတ်ယူခွင့် ပြုမည်ဖြစ်ပြီး ပထမအကြိမ် ထုချေရှင်းလင်းခြင်းမရှိပါက ဒုတိယအကြိမ်၊ တတိယအကြိမ်အဖြစ် အကြောင်းကြားစာများ ပေးပို့မည်ဖြစ်ကြောင်း၊ လာရောက် ထုချေရှင်းလင်းခြင်းမရှိပါက ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေ ၁၆၇ (၈)/၁၆၈ နှင့် ကုန်းလမ်းအကောက်ခွန် ဥပဒေ ၇ (၁) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။  

S-03




FOLLOW US