News

POST TAGGED AS

လေဆိပ်

တံတားဦးလေဆိပ်သို့ အရေးပေါ်ဆင်းခဲ့သည့် စင်ကာပူလေယာဉ် အင်ဂျင်လဲရန် ပြင်ဆင်
မန္တလေး၊ ဖေဖော်ဝါရီ ၈

တံတားဦးလေဆိပ်သို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က အရေးပေါ်ဆင်းသက်ခဲ့သည့် စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဘယ်ဘက်အင်ဂျင်တစ်ခုလုံး လဲလှယ်ရမည်ဖြစ်ရာ အစားထိုးလဲလှယ်ရန် ပြင်ဆင်နေကြောင်း MJAS လေကြောင်းဝန်ဆောင်မှုလုပ်ငန်းထံမှ သိရသည်။

“လေယာဉ်က ဘယ်ဘက်အင်ဂျင် Failure (ချို့ယွင်း) သွားတာဆိုတော့ အနီးဆုံးဖြစ်တဲ့ တံတားဦးလေဆိပ်မှာ ဆင်းသက်ခဲ့တာပါ။ ဘယ်ဘက်အင်ဂျင်ထဲက ဒလက်နှစ်ချောင်း ကျိုးသွားတယ်။ အဲ့ဒါကြောင့် အင်ဂျင်တစ်လုံးလုံး လဲပစ်ရမယ်။ သူတို့ အင်ဂျင်နီယာတွေနဲ့သူတို့ ပြင်ဆင်နေပါတယ်။ သုံးရက်လောက် ကြာနိုင်ပါတယ်။ အတိအကျတော့ ပြောလို့မရဘူးပေါ့ဗျာ”ဟု MJAS လေကြောင်းဝန်ဆောင်မှုလုပ်ငန်းမှ ဌာနမှူး ဦကျော်ဆန်းက ပြောကြားသည်။

လက်ရှိတွင် စင်ကာပူလေကြောင်းလိုင်းမှ အင်ဂျင်နီယာများက စစ်ဆေးနေပြီဖြစ်သော်လည်း အစားထိုးလဲလှယ်မည့်အင်ဂျင် မည်သည့်နေ့တွင် ရောက်ရှိလာမည်နှင့် အင်ဂျင်ဒလက်နှစ်ချောင်း ကျိုးရသည့်အကြောင်းအရင်းကို ဦကျော်ဆန်းက ပြောကြားခဲ့ခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့ရှိ ရှာဟာလား အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူနိုင်ငံသို့ ပျံသန်းနေသည့် စင်ကာပူအပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်းပိုင် SQ 449 Airbus A 330 လေယာဉ်သည် အင်ဂျင်တစ်လုံး စက်ချို့ယွင်းသွားသောကြောင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၂ မိနစ် အချိန်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး) သို့ အရေးပေါ်ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။

ယင်းသို့ စက်ချို့ယွင်းသွားသည့်အတွက် အရေးပေါ်ဆင်းသက်ခဲ့ရသည့် လေယာဉ်ပေါ်တွင် လေယာဉ်ဝန်ထမ်းများနှင့် ခရီးသည် စုစုပေါင်း လူ ၂၀၂ ဦး လိုက်ပါလာခဲ့ပြီး လူတစ်ဦးမျှ ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း၊ တံတားဦးလေဆိပ်တွင် သောင်တင်နေသော ခရီးသည်များကို စင်ကာပူလေကြောင်းလိုင်းပိုင် အခြားလေယာဉ်တစ်စင်းဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၃ နာရီ ၁၄ မိနစ် တွင် ခေါ်ဆောင်သွားခဲ့ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာန (မန္တလေး) ထံမှ သိရသည်။ 

၂၀၁၆ ခုနှစ်အတွင်းက ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး) သို့ အရေးပေါ်ဆင်းသက်ခဲ့ဖူးပြီး ပြည်ပအနေနှင့် ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း လေကြောင်းရဲတပ်ဖွဲ့ (မန္တလေး) ထံမှ သိရသည်။

M-04



FOLLOW US