News

POST TAGGED AS

လေဆိပ်

ရန်ကုန်လေဆိပ်တွင် မောင်းသူမဲ့လေယာဉ်တစ်စင်း ဖမ်းမိ
ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရီမုတ် (ထိန်းချုပ်ရေးစက်) ဖြင့် မောင်းနှင်ရသည့် မောင်းသူမဲ့ RC Aircraft လေယာဉ်တစ်စင်းကို ဇန်နဝါရီလ ၉ ရက်က ဖမ်းဆီးမိခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“ပျံသန်းနေတာကိုတွေ့လို့ လေဆိပ်ရဲကို အကြောင်းကြားလိုက်တာပါ။ လေဆိပ်ရဲ့ပြေးလမ်းကြောင်းမှာ တွေ့တာ။ Drone ရော Aircraft ကိုရော ပျံသန်းခွင့်မပြုပါဘူး”ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွဋ်အောင်က ဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်း၊ ပြည်ပ လေယာဉ်များ ပျံသန်းနေစဉ် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အဆင်း၊ အတက်ပြုနိုင်ရန်၊ လေယာဉ်များ ဆင်းသက်ချိန်တွင် အနှောင့်အယှက် မဖြစ်စေရန် Drone၊ Unmanned Aircraft များ မောင်းနှင်ပျံသန်းဝင်ရောက်ခြင်း လုံးဝမလုပ်ရန် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တားမြစ်ခဲ့သည်။

“ဒါက ထုတ်ပြန်ချက်ထုတ်ပြီးမှ ပထမဆုံးဖမ်းတာပါ။ မောင်းသူက နိုင်ငံခြားသားလား၊ ဘယ်သူလဲဆိုတာ အခုထိ မသိရသေးဘူး။ စုံစမ်းစစ်ဆေးနေတယ်”ဟု ဦးရဲထွဋ်အောင်က ဆိုသည်။

ဒရုန်း၊ မောင်းသူမဲ့လေယာဉ်များနှင့် အဝေးထိန်းလေယာဉ်ငယ်များ ပျံသန်းမောင်းနှင်ခြင်းနှင့်ပတ်သက်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဆိပ်ကြီးခနောင်တို၊ စမ်းချောင်း၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ မင်္ဂလာဒုံ၊ ထန်းတပင်၊ လှည်းကူးမြို့နယ်များတွင် ပျံသန်းခွင့် မပြုထားပေ။

အဆိုပါတားမြစ်နေရာတွင် လေယာဉ် (ဒရုန်း) နှင့် အဝေးထိန်းစနစ်ဖြင့် မောင်းနှင်သော လေယာဉ်ငယ်များ ပျံသန်းမောင်းနှင်ပါက ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ ထောင်ဒဏ် တစ်လ (သို့မဟုတ်) ခြောက်လအထိ ချမှတ်နိုင်ကြောင်း ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

J-06



FOLLOW US