News

POST TAGGED AS

လေဆိပ်

ဟံသာဝတီလေဆိပ်စီမံကိန်း တင်ဒါအောင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် နောက်ဆုံးအကြိမ် ဆွေးနွေးမည်
ရန်ကုန်၊ ဒီဇင်ဘာ၂၄

ဟံသာဝတီလေဆိပ်စီမံကိန်း စတင်ရေးအတွက် လုပ်ကိုင်ခွင့်ရထားသော တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် နောက်ဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွဋ်အောင်က ပြောကြားသည်။ 

ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် တင်ဒါအောင်မြင်ထားသော ဂျပန်နိုင်ငံမှ JGC-Yangnam-Changi Airport  International Consortium နှင့် သဘောတူညီထားချက်အရ စာချုပ်သက်တမ်း ၂ နှစ်သာရှိရာ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ယင်းမတိုင်မီ နောက်ဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။ 

“ဆွေးနွေးဖို့ကိစ္စကို အီးမေးလ်နဲ့ အပြန်အလှန် ပြောထားတာတွေရှိတယ်။ မူဘောင်သဘောတူညီချက်အရ ၂ နှစ်ပြည့်ရင် စာချုပ်သက်တမ်းက ပျက်ပြယ်မှာပါ။ မပျက်ပြယ်ခင်မှာ ဆွေးနွေးဖို့ စီစဉ်ထားတယ်။ ဒီတစ်ခါ ဆွေးနွေးတာက နောက်ဆုံးအကြိမ် ဆွေးနွေးဖို့ပါ” ဟု ဦးရဲထွဋ်အောင်က ရှင်းပြသည်။ 

ဟံသာဝတီလေဆိပ်စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၁ဒသမ၈ဘီလီယံခန့် ကုန်ကျမည်ဖြစ်ရာ လက်ရှိတွင် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီအနေနှင့် ဂျပန်အစိုးရထံမှ ပုဂ္ဂလိကချေးငွေရရှိရန် ဆွေးနွေးလျက်ရှိသည်။ ယင်းစီမံကိန်းအတွက် ၂၀၁၂ ခုနှစ်ကစ၍ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိကတို့အကြား ပူးပေါင်းဆောင်ရွက်သော PPP စနစ်ကို အခြေခံသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းတည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံမှနေ၍ အစိုးရချင်းချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိရန် သဘောတူထားပြီးဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ 

နိုင်ငံ့စီးပွားရေး အခြေအနေ၊ ခရီးသည်များနှင့် ပြေးဆွဲနေသော လေကြောင်းလိုင်းအရေအတွက်များအရ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အဆင့်မြှင့်တင်ထားပြီး ဖြစ်သည့်အတွက် လက်ရှိကာလများအတွင်း ဟံသာဝတီလေဆိပ်စီမံကိန်းကို အရေးတကြီး ဆောင်ရွက်ရန်မလိုသေးကြောင်း ပြည်တွင်းပြည်ပ ပြေးဆွဲနေသော လေကြောင်းလိုင်းတစ်ခု၏ တာဝန်ရှိသူက မှတ်ချက်ပြုသည်။

ဟံသာဝတီလေဆိပ်စီမံကိန်း ပြီးစီးပါက ပထမအဆင့်အနေနှင့် လေဆိပ်အတွင်း ခရီးသည် ၁၂ သန်းခန့် နားနေနိုင်မည်ဖြစ်ပြီး ဒုတိယအဆင့်ပြီးစီးပါက ခရီးသည် သန်း ၂၀ ခန့်အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဦးရဲထွဋ်အောင်က ထပ်လောင်းပြောဆိုသည်။ 

လက်ရှိတွင်လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှုများကို အဆင့်လိုက်ဆောင်ရွက်နေသော်လည်း အနာဂတ်တွင် တိုးပွားလာမည့် ခရီးသည်ပမာဏအတွက် အပြည်ပြည်ဆိုင်ရာ အဓိကလေဆိပ်ကြီးအဖြစ် ဟံသာဝတီလေဆိပ်ကို တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ 

J-14



FOLLOW US