News

POST TAGGED AS

လေဆိပ်

21-Dec-2017

ကနေဒါနိုင်ငံ
အိမ်ထောင်သက် ၇၀ ကျော်မှ ခရစ္စမတ်တွင် ခွဲခွာရမည့် ကနေဒါဘိုးဘိုး ဘွားဘွား ဇနီးမောင်နှံ
အော်တဝါ၊ ဒီဇင်ဘာ ၂၀ 

ကနေဒါနိုင်ငံမှ ဇနီးမောင်နှံသည် အိမ်ထောင်သက်တမ်း ၇၀ ကျော်မှ ခရစ္စမတ်မတိုင်မီ တစ်ပတ်အလိုတွင် ပထမဆုံးအကြိမ် ခွဲခွာရမည်ကိုသိရှိပြီးနောက် အသည်းကွဲနေကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဟားဗတ်ဂူဒင်း ၉၁ နှစ်သည် ၎င်း၏ဇနီးဖြစ်သူ အော်ဒရီဂူဒင်း ၈၉ နှစ်နှင့် အတူနေထိုင်နေသော ဘိုးဘွားဂေဟာမှ ထွက်ခွာရမည်ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုဂေဟာသို့ သွားရတော့မည်ဖြစ်သည်။

ဇနီးမောင်နှံအနက်မှ ယခုသီတင်းပတ်ကုန်ရက်တွင် ဘိုးဘိုးဂူဒင်းနေရာ ရွှေ့ပြောင်းရမည်ဟု နယူးဘရန်စဝစ်ရှိ ဘိုးဘွားဂေဟာက သောကြာနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်သည် နိုင်ငံတစ်လွှားတွင် အမျက်ထွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

“မနေ့က ကျွန်မမိဘတွေဆီ ဖုန်းဆက်တဲ့အခါ မေမေက ငိုနေတယ်။ ဖေဖေ ငိုနေတဲ့ အသံကိုလည်း ကြားရတယ်။ မေမေက ဒီတစ်ခါ ခရစ္စမတ်ကတော့ သွားပါပြီ၊ တစ်သက်လုံး ကြုံခဲ့ရတဲ့အထဲမှာ အဆိုးဆုံး ခရစ္စမတ်ပါပဲ၊ ခရစ္စမတ် အားလပ်ရက်ပြီးတဲ့အထိတောင် ဘာကြောင့် မစောင့်ပေးနိုင်ကြတာလဲလို့ ပြောပါတယ်”ဟု ၎င်းတို့၏သမီးဖြစ်သူ ဒိုင်ယန်နီဖီးလစ်က Facebook တွင် တနင်္ဂနွေ နေ့က ရေးသားထားသည်။

သူမ၏ပို့စ်ကို ကြည့်ရှုမျှဝေကြသော အကြိမ်ရေ ၁၅,ဝ၀ဝ ခန့်ရှိသည်။

ဘိုးဘွားဂေဟာကို ကြီးကြပ်သော ဒေသန္တရရေးရာဌာနက မစ္စဖီးလစ်ထံ သောကြာနေ့က ဖုန်းဆက်ခဲ့ပြီး သူမ၏ဖခင်သည် ရုတ်တရက် ကျန်းမာရေး ချို့ယွင်းလာသောကြောင့် ကျန်းမာရေး အထူး စောင့်ရှောက်မှုပေးသောဂေဟာသို့ ရွှေ့ရမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

သူမက ချက်ချင်း မဆုံးဖြတ်နိုင်ခြင်း မရှိသောကြောင့် သက်ဆိုင်ရာဌာနက ဘိုးဘိုး ဘွားဘွား ဇနီးမောင်နှံ ကိုယ်တိုင် ဆုံးဖြတ်ကြရန် ဖိအားပေးခဲ့သည်ဟု မစ္စဖီးလစ်က ပြောကြားသည်။

ခရစ္စမတ်တွင် အတူရှိနေကြစေရန်အတွက် တစ်ပတ်ခန့် စောင့်ပေးဖို့ သူမက တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံရသည်ဟု သမီးဖြစ်သူ မစ္စဖီးလစ်က ပြောကြားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ Facebook တွင် ပြန်လည် တုံ့ပြန်ခဲ့သော ဘိုးဘွားဂေဟာကိုယ်စားလှယ်က “ဂေဟာမှာ နေထိုင်သူတစ်ဦးရဲ့ အခြေအနေဟာ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်ဘောင်ထက်  ကျော်သွားရင် လူမှုဖူလုံရေးဌာနက ပြန်လည် အကဲဖြတ်ပါတယ်။ အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့ လိုက်နာရပါတယ်။ ကျွန်တော့်အနေနဲ့ စည်းကမ်းကို မလိုက်နာရင် ဥပဒေနဲ့ ဆန့်ကျင်ရာရောက်ပြီး အလုပ်လုပ်ခွင့်လိုင်စင် ဆုံးရှုံးသွားနိုင်ပါတယ်။ အခြေအနေအရ ကျွန်တော် ဒီလိုပဲ ဆုံးဖြတ်ခဲ့ရပါတယ်။ ကျွန်တော် ဘယ်လိုမှ မတတ်နိုင်ပါဘူး”ဟု ရှင်းလင်း ပြောကြားထားသည်။ 

F-04



FOLLOW US