News

POST TAGGED AS

လေဆိပ်

01-Sep-2017

မန္တလေး လေဆိပ်
ညောင်ဦးလေဆိပ် နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်
မန္တလေး၊ သြဂုတ် ၃၁

ညောင်ဦးလေဆိပ်ကို နိုင်ငံတကာ လေယာဉ်ကြီးများ  ဆိုက်ရောက်နိုင်သည့် နိုင်ငံတကာအဆင့်မီလေဆိပ် ဖြစ်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ကြိုးစားအားထုတ်နေခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာလေယာဉ်တွေ တိုက်ရိုက်ဆင်းနိုင်ရင် ခရီးသွားတွေ တိုက်ရိုက်ဝင်လာမယ်။ ဒေသခံတွေလည်း ဒီအကျိုးအမြတ်ကို ခံစားရမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ် စသည့် ဆက်စပ်ဝန်ကြီးဌာနများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ပုဂံ-ညောင်ဦးဒေသ အပါအဝင် မန္တလေးတိုင်းအတွင်းသို့  ၂၀၁၅ ခုနှစ်က ခရီးသွား ၃၀၆,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်  ၃၈၅,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှူး ဦးစီးဌာန စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ထားသည့် လုပ်ငန်းစဉ်များအနက် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဆီရမ်ရိပ် - ပုဂံ (Two Ancient Capitals One Destination) ဆောင်ရွက်ရန် ညောင်ဦးလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ညောင်ဦးလေဆိပ်တွင် နိုင်ငံတကာ လေကြောင်းလိုင်းများ လေယာဉ်များ ဆင်းသက်နိုင်ရေးအတွက် Bangkok Airways မှ တာဝန်ရှိသူများ သြဂုတ်လ ၂၄ ရက်နေ့က လာရောက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေးသည်။         

M-05



FOLLOW US