News

POST TAGGED AS

လေဆိပ်

ရန်ကုန်လေဆိပ်လုံခြုံရေး နိုင်ငံခြားကုမ္ပဏီခြောက်ခု အဆိုပြု

ရန်ကုန်၊ ဩဂုတ် ၂၉

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးစီမံခန့်ခွဲမှုများကို ကန်ထရိုက်စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်ရန် နိုင်ငံခြားကုမ္ပဏီခြောက်ခုက အဆိုပြုကမ်းလှမ်းထားကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ကမ်းလှမ်းထားသည့် အမေရိကန်၊ အစ္စရေး၊ ဂျပန်နှင့် အင်္ဂလန်စသည့်နိုင်ငံများမှ ကုမ္ပဏီများသည် လုပ်ငန်းစီမံချက်ကို စက်တင်ဘာလ ၁၅ ရက် တွင် တင်ပြရမည်ဖြစ်ကြောင်း အဆိုပါ ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

“လုပ်ငန်းဆောင်ရွက်မယ့် အစီအမံတွေကို စက်တင်ဘာလ ၁၅ ရက် နောက်ဆုံးထား တင်ပြရမယ်။ သူတို့တင်တဲ့ အဆိုတွေကို ဆန်းစစ်တာလုပ်ပြီးရင် ဝန်ကြီးဌာနကို တင်ပြပေးရမှာပါ။ ပြီးရင် ရွေးချယ်ရေးကော်မတီက ဆက်လက် ဆောင်ရွက်လိမ့်မယ်”ဟု ၎င်းက ဆိုသည်။

အဆိုပြုလွှာ တင်သွင်းထားမှုများ ပြန်လည်စိစစ်ခြင်းကို အချိန်ကန့်သတ်ထားခြင်း မရှိသော်လည်း ယခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“တခြားနိုင်ငံတွေနဲ့စာရင် မြန်မာနိုင်ငံရဲ့ လေဆိပ်လုံခြုံရေးစနစ်က အများကြီး လိုအပ်နေပါသေးတယ်။ ဒီထက် ပိုပြီးလုံခြုံရေးကို စနစ်ကျသင့်ပါတယ်”ဟု ပြည်တွင်း၊ ပြည်ပ ပြေးဆွဲနေသော လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

ယင်းသို့အဆိုပြုလွှာများထဲမှ စိစစ်ရွေးချယ်ခံရသော ကုမ္ပဏီအနေနှင့် လေဆိပ် Terminal အတွင်း လုံခြုံရေးဆိုင်ရာများကို တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ဖြစ်ပြီး လက်ရှိ လေဆိပ်ဝန်ဆောင်မှုများကို ဆောင်ရွက်နေသည့် Yangon Aerodrome Co., Ltd. နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၉ ခု ရှိသည့်အနက် အဓိက အသုံးပြုနေသော အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ်ပေါင်း ၃၁ ခုသာ လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၀ ခုနှင့် ပြည်တွင်းလေကြောင်း လိုင်း ၁၀ လိုင်း ပြေးဆွဲနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

J-14



FOLLOW US