News

POST TAGGED AS

ရွှေဘို

24-Jul-2018

ချေးငွေ ရွှေဘို
ရွှေဘိုတွင် JICA ချေးငွေဖြင့် ရိတ်သိမ်းခြွေလှေ့စက်နှစ်လုံး ထုတ်ပေး
ရွှေဘို၊ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေဖြင့် ရွှေဘိုမြို့နယ်အတွင်း တောင်သူနှစ်ဦးကို ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ ရိတ်သိမ်း ခြွေလှေ့စက်နှစ်လုံးကို ထုတ်ပေးထားကြောင်း ရွှေဘိုမြို့နယ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးခင်မောင်လွင်က ပြောကြားသည်။

ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာမှ တောင်သူတစ်ဦးကို GBS ကုမ္ပဏီမှ ကျပ် ၄၁၅ သိန်း တန်ဖိုးရှိ ရိတ်သိမ်းခြွေလှေ့စက်နှင့် မင်းကုန်းကျေးရွာရှိ တောင်သူတစ်ဦးတို့ကို ကျပ်သိန်း ၄၁၀ တန်ဖိုးရှိ ရိတ်သိမ်းခြွေလှေ့စက်တို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

JICA ချေးငွေဖြင့် တောင်သူများ တောင်းဆိုသည့် စက်အမျိုးအစား ကုမ္ပဏီမှဝယ်ယူပေးပြီး ၅ နှစ်ကို ငါးရစ်စာ အချိုးကျပေးသွင်းရမည်ဖြစ်ကာ လျှောက်လွှာတင်ထားပါက ပြန်လည်ပေးဆပ်နိုင်စွမ်းရှိသူ အာမခံခိုင်လုံမှုရှိသူများကို မြို့နယ်ချေးငွေကြီးကြပ်အဖွဲ့က တိုင်းအဆင့်ချေးငွေကြီးကြပ်အဖွဲ့သို့ တင်ပို့ရပြီး ယင်းမှတစ်ဆင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်သို့တင်ပြကာ JICA တာဝန်ရှိသူများထံ တင်ပြပေးရကြောင်း၊ လက်ရှိထပ်မံ၍ ယင်းပစ္စည်းများဝယ်ယူရန် တောင်သူသုံးဦးက လျှောက်လွှာတင်ထားကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

“လယ်တွေ ဘယ်လောက်များများ စပါးပေါ်ချိန်ရောက်ရင် ကုန်သည်ပွဲစားတွေက ဈေးကစားတော့ တောင်သူလက်ထဲဆို စပါးဈေးကျတယ်။ စိုက်ဘဏ်ချေးငွေ လယ်ရိတ်ခ အခြားပြင်ပအတိုးနဲ့ယူတဲ့ မြေဆီဖိုးဆပ်လိုက်ရင် တောင်သူလက်ထဲ ဘာမှမကျန်တော့ဘူး။ လုပ်အားခရှုံးတယ်။ ဒါကြောင့်သက်သာတဲ့ အတိုးနှုန်းနဲ့ ကာလရှည်ဆပ်ရမယ့် စိုက်ပျိုးရေးပစ္စည်းတွေ တောင်သူလက်ဝယ် ထိထိမိမိထုတ်ပေးသင့်တယ်”ဟု လိပ်ချင်းကျေးရွာ ဒေသခံတောင်သူတစ်ဦးက ပြောဆိုသည်။

R-20



FOLLOW US