News

POST TAGGED AS

ရွှေဘို

နွယ်ငြိမ်းစဥ့်လုပ်ငန်းသို့ နိုင်ငံခြားခရီးသွား ၃၀၀ ခန့် လာရောက်လေ့လာ


ရွှေဘို၊ မတ် ၁၉

ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်ခွဲ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းသို့ ဖေဖော်ဝါရီလအတွင်း နိုင်ငံပေါင်းကိုးနိုင်ငံမှ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၃၀၀ ခန့် လာရောက်လေ့လာခဲ့ကြောင်း ကျောက်မြောင်း Community Based Tourism လုပ်ငန်းမှ အတွင်းရေးမှူး ဦးငွေဇင်လွင်က ပြောကြားသည်။

ကျောက်မြောင်း စဥ့်လုပ်ငန်းသို့ တစ်လအတွင်း အပျော်စီးသင်္ဘော၂၅ စင်း၊ နိုင်ငံပေါင်းကိုးခုမှ နိုင်ငံခြားဧည့်သည် ၂၉၂ ဦး လာရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရပ်ရွာအခြေပြုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောက်မြောင်း CBT ကို ၂၀၁၇ နိုဝင်ဘာလ ၃၀ ရက်နေ့က နွယ်ငြိမ်း၊ ရွှေဂွန်၊ ရွှေတိုက်၊ မလား၊ မခေါက် ကျေးရွာငါးရွာကို ရပ်ရွာအခြေပြု ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်ကို ရပ်ရွာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောဆိုသည်။

အဆိုပါဒေသသို့ သင်္ဘောဆိုက်ကပ်လာပါက ဧည့်ကြိုကောင်တာများ ပြင်ဆင်ထားခြင်း၊ သင်္ဘောဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းပြင်ဆင်ထားခြင်း၊ CBT နယ်နိမိတ်အတွင်း ရှေးဟောင်းပစ္စည်းများ ပြသထားခြင်း၊ စဥ့်လုပ်ငန်းလုပ်ကိုင်ပုံ အဆင့်ဆင့်ပြသထားပြီး ဇုန်ဝင်ကြေး ကောက်ခံခြင်းမရှိဘဲ သင်္ဘောတစ်စင်းလျှင် CBT ဝင်ကြေး သုံးသောင်းကျပ်သာ ကောက်ခံကြောင်း ကျောက်မြောင်း CBT အတွင်းရေးမှူး ဦးငွေဇင်လွင်က ပြောကြားသည်။ 

R-09




FOLLOW US