News

POST TAGGED AS

ရွှေဘို

အရည်အသွေးကြောင့် ရွှေဘိုနှမ်း ဈေးကောင်းမရ


ရွှေဘို၊ ဇန်နဝါရီ ၂၈

နှမ်းရိတ်သိမ်းချိန်တွင် အချိန်အခါမဟုတ် မိုးရွာခဲ့ခြင်းကြောင့် သီးနှံအရည်အသွေးထိခိုက်မှုရှိခဲ့ရာ နှမ်းဈေးနှုန်းမှာလည်း ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ 

လက်ရှိရွှေဘိုတွင် နှမ်းအမျိုးအစားအလိုက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်နှစ်သောင်းကျော် ဈေးကျလျက်ရှိသည်။ 

“အရည်အသွေးလည်းကျ ဒီနှစ်တရုတ်ကလည်း သိပ်မဆွဲတော့ ဈေးနှုန်းကျတာပေါ့”ဟု ကုန်သည်တစ်ဦးက ပြောဆိုသည်။

ယခင်နှစ်က နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ မှ ၁၃၀,၀၀၀ ကျပ် ဝန်းကျင်ပေါက်ဈေးရှိပြီး ယခုနှစ်တွင် ကျပ် ၈၅,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ ဝန်းကျင်အကြားသာ ရှိနေကြောင်း၊ နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်ကိုလည်း ယခင်နှစ်က ကျပ် ၁၅၀,၀၀၀ ပေါက်ဈေးရှိရာမှ ယခုနှစ်တွင် ကျပ် ၁၂၀,၀၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း ရွှေဘိုမြို့ ပဲပွဲရုံများမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့်ရိတ်သိမ်းချိန်က မိုးရွာခဲ့သည့်အတွက် နှမ်းများပုပ်ခဲ့ပြီး အရည်အသွေး လျော့ကျခဲ့ကြောင်း၊ တောင်သူအများစုသည် ရိတ်သိမ်းပြီးနှမ်းပုံကို အကာအကွယ်မဲ့ထားရှိခြင်းကြောင့် မိုးမိပျက်စီးကာ အလေအလွင့်များခြင်းကြောင့် ဈေးကောင်းမရခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဈေးကောင်းမရသည့်အတွက် အခက်အခဲရှိကြောင်း ဝက်လက်မြို့နယ် ရှိမ္မကားကျေးရွာမှ တောင်သူ ဦးကျော်မြိုင်က ပြောဆိုသည်။

ရွှေဘိုဒေသမှ နှမ်းကို မန္တလေးသို့တင်ပို့ရောင်းချနေကြပြီး လှောင်လက်များကသာ အဓိကဝယ်ယူကာ တရုတ်ဘက်က အနည်းအကျဉ်းသာ ဝယ်ယူလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

လက်ရှိဈေးကွက်အတွင်း နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်ရှစ်သောင်းခွဲမှ တစ်သိန်းကျပ်ဝန်းကျင်နှင့် နှမ်းဖြူမှာ တစ်သိန်းနှစ်သောင်းဝန်းကျင်ဖြင့် ဈေးငြိမ်နေပြီး ရွှေဘိုဒိုင်သို့ နေ့စဉ်နှမ်းအဝင် သုံးတင်းဝင်အိတ် ၅၀၀ ခန့် အဝင်ရှိနေကြောင်း ပဲဒိုင်ဥက္ကဋ္ဌ ဦးမျိုးကိုကိုက ပြောကြားသည်။ 

R-09




FOLLOW US