News

POST TAGGED AS

ရွှေတိဂုံ

ရွှေတိဂုံဘုရားနှင့် လူစည်ကားသော နေရာအချို့တွင် လုံခြုံရေး တင်းကျပ်

ရန်ကုန်၊ စက်တင်ဘာ ၉

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် အကြမ်းဖက် တိုက်ခိုက်မည့် မသင်္ကာမှုများကြောင့် လူစည်ကားသော နေရာများနှင့် ရွှေတိဂုံဘုရားတို့တွင် လုံခြုံရေးကဏ္ဍ အဆင့်မြှင့်တင်ထားကြောင်း အမှတ် (၂) လုံခြုံရေး ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။

ရွှေတိဂုံဘုရားဖွင့်ချိန် နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ပုံမှန် လုံခြုံရေး စောင့်ကြပ်နေသည့် ရဲတပ်ရင်းတပ်ခွဲ နှစ်ခုအပြင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် ဘုရားရဲ (ခေါ်) လုံခြုံမီးသတ်ဌာနမှ ဝန်ထမ်း ၃၀ဝ ကျော်တို့ဖြင့် လုံခြုံရေး တင်းကျပ် ဆောင်ရွက်ထားပြီး ဘုရားမုခ်ဦးလေးခု အပါအဝင် ဦးထောင်ဘိုလမ်း၊ အနောက်ရွှေဂုံတိုင်လမ်းနှင့် ဘုရားပရဝိုဏ် အနီးတို့တွင် ရပ်ကင်း၊ လှည့်ကင်းနှင့် မသင်္ကာဖွယ်များကို ဧည့်စာရင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အမှတ် (၂) လုံခြုံရေး ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြဝင်းက ပြောကြားသည်။

“ရွှေတိဂုံဘုရား လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ လုံခြုံရေးအပိုင်းလည်း အဆင့်မြှင့်ထားတယ်။ ဘုရား ဝင်၊ ထွက်ပေါက်တွေနဲ့ ဘုရား ရင်ပြင်တော်ပေါ်ကို အဓိက မြှင့်တင်ထားတယ်။ မသင်္ကာဖွယ် နေရာတွေဆို မိုင်းရှာဖွေရေးခွေးနဲ့ စစ်ဆေးတယ်။ ဘုရားကြီးကို ဘယ်လို အခြေအနေပဲဖြစ်ဖြစ် အထိအခိုက် မခံနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရွှေတိဂုံဘုရားစောင်းတန်း လေးခုနှင့် ဘုရားရင်ပြင်တော်ပေါ်အနှံ့တွင် CCTV လုံခြုံရေး ကင်မရာအလုံး ၂၀၆ လုံးခန့် တပ်ဆင်ထားခြင်းကြောင့် မသင်္ကာဖွယ် တွေ့ရှိပါက အချိန်မရွေး ခေါ်ယူစစ်ဆေးနိုင်ရန် စီစဉ်ထားကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရားများထဲတွင် ရွှေတိဂုံဘုရားသို့ နေ့စဉ် ဘုရားဖူး လာရောက်သူ ရှစ်သောင်းခန့် ပုံမှန် ရှိနေပြီး လပြည့်လကွယ်ကဲ့သို့ အခါကြီးနေ့ရက်များတွင် လူဦးရေ တစ်သိန်းကျော်အထက် လာရောက်ဖူးမြော်လျက်ရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဘုရားလုံခြုံရေးအတွက် ဘုရားဖူးလာတဲ့သူတွေကိုလည်း ရှာဖွေစစ်ဆေးမှုတွေ တင်းကျပ် ဆောင်ရွက်နေပါတယ်။ ဘုရားဝန်းကျင်မှာ ညအိပ်၊ ညနေလည်း လက်ခံမထားဘူး။ အဘက်ဘက်က လုံခြုံရေး မလစ်ဟင်းအောင် ဆောင်ရွက်ထားတယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလက ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးနှင့် ဈေးဝယ်စင်တာအချို့တွင် M-150 အချိုရည်ပုလင်း အသုံးပြု ဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ဖူးသည်။

J-17



FOLLOW US