News

POST TAGGED AS

ရှေ့နေ

ညောင်တုန်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်များကို သိန်းနှစ်သောင်းရလိုမှုဖြင့်တရားစွဲမှု ပလပ်
ပုသိမ်၊ မတ် ၇

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိများ အပါအဝင် ၇ ဦးကို နစ်နာကြေး ကျပ်သိန်းနှစ်သောင်းရလိုကြောင်း ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တရားစွဲဆိုထားမှုကို မတ်လ ၇ ရက်က ဧရာဝတီတိုင်း တရားလွှတ်တော်က ပလပ်မိန့်ချမှတ်ခဲ့ကြောင်း တရားပြိုင်များထံမှ သိရသည်။

“ဌာနဆိုင်ရာဝန်ထမ်းတွေ၊ နောက် တာဝန်အရ လုပ်ဆောင်တာတွေ တရားဥပဒေအရ လုပ်ဆောင်တာတွေ ဥပဒေခွင့်ပြုချက်အရ လုပ်ဆောင်တာတွေကို တရားမနစ်နာမှုအရ တရားစွဲဆိုခွင့် မရှိကြောင်း ပလပ်မိန့် ချမှတ်လိုက်တာပါ၊ ကျွန်တော်တို့ဘက်ကတော့ ဘာမှ ဆက်လက်ဆောင်ရွက်စရာ မရှိတော့ပါဘူး၊ အမှုပြီးသွားတဲ့သဘောပါ”ဟု တရားပြိုင်များ၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က ရှင်းပြသည်။

ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကွင်းရှိ ဧက ၁၀၀၀ ကျော်ကို ၂၀၀၃ ခုနှစ်တွင် ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက ငါးကန်လုပ်ကိုင်ခွင့်ကို ရရှိခဲ့ကြောင်း၊ အငြင်းပွားမှု ပြဿနာများကြောင့် ၂၀၁၆ ခုနှစ်မှစ၍ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအနေနှင့် ၎င်းတို့၏ ငါးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်၍မရခြင်း၊ တရားစွဲဆိုခံရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီထံမှ သိရသည်။

ယင်းကြောင့် ညောင်တုန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၊ ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူး (ယခု ကလောမြို့နယ် အုပ်ချုပ်ရေးမှူး) နှင့် ဌာနဆိုင်ရာ သုံးဦး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် တောင်သူလယ်သမား ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ခုနစ်ဦးတို့ကို ကျပ်သိန်းနှစ်သောင်း ရလိုမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားမကြောင်းအရ တရားစွဲဆိုထားကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ ဒီအမိန့်ကို ကျေနပ်မှုမရှိဘူး၊ ကျွန်တော်တို့အတွက် နစ်နာမှုတွေ သိပ်များနေပြီ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အယူခံ ဆက်တက်သွားမှာပါ”ဟု ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမန်နေဂျာ ဦးမြင့်သန်းက ပြောဆိုသည်။ 

အဆိုပါ တရားစွဲမှုကြောင့် ရှစ်လခန့် တရားရင်ဆိုင်နေရပြီး ရုံးချိန်း ၁၂ ချိန်းခန့်ရှိခဲ့ကြောင်း တရားစွဲဆိုခံရသည့် ညောင်တုန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ရှင်းပြသည်။

ယင်းတရားစွဲဆိုမှုကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှစတင်ကာ တရားစွဲဆိုခဲ့ပြီး စက်တင်ဘာလ ၈ ရက်တွင် စတင်ကြားနာခဲ့ကြောင်း၊ နှစ်ဖက်မှ တင်ပြခဲ့ကြသည့် အဆိုလွှာ၊ အချေလွှာများ၊ ပူးတွဲတင်ပြသည့် စာရွက်စာတမ်း အထောက်အထားများကို ကြည့်ရှုစစ်ဆေးပြီး ငြင်းချက် ၉ ချက်၊ နောက်တိုးငြင်းချက် ၂ ချက်၊ စုစုပေါင်း ငြင်းချက် ၁၁ ချက်ရှိကြောင်း၊ မတ်လ ၇ ရက်နေ့ ရုံးချိန်းတွင် အမှု၏ ပဏာမငြင်းချက် ၂ ချက်ကို စရိတ်နှင့်တကွ ပလပ်မိန့်ချမှတ်ခဲ့ကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။ 

R-11



FOLLOW US