News

POST TAGGED AS

ရှေ့နေ

ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံနှင့်ညီသည့် အခြေခံဥပဒေ ပေါ်ပေါက်ရေး သမ္မတ တိုက်တွန်း
ရန်ကုန်၊ ဇန်နဝါရီ ၎

ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်အညီ နိုင်ငံတော်နှင့် သင့်တော်သည့် အခြေခံ ဥပဒေတစ်ရပ်ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ သဝဏ်လွှာကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖတ်ကြားသွားခဲ့ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက ပြုလုပ်သည့်အခမ်းအနားများတွင်လည်း ယင်းသဝဏ်လွှာကို ဖတ်ကြားသွားခဲ့ကြသည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံရေးသိပ္ပံပညာ ပို့ချနေသည့် ကိုကျော်သူက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အသစ်ရေးဆွဲရေး စသည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တိကျသည့် မူဝါဒတစ်ရပ်ကို ဖော်ဆောင်ရမည်ဖြစ်ပြီး အစိုးရအာဏာရနေသည့် သက်တမ်းအတွင်း ခိုင်မာသည့် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်သွားရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။

“အခုက ညီလာခံလုပ်နေပေမယ့် ဖွဲ့စည်းပုံက ပြင်မှာလား၊ အသစ်ရေးဆွဲမှာလားဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်သေးဘူး။ တပ်မတော်ဘက်ကလည်း ဖွဲ့စည်းပုံကို ထိရင်လက်ခံမယ့်အနေအထား အခုချိန်ထိ မရှိသေးဘူး”ဟု ၎င်းက ဆိုသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားအားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခြင်းဆိုသည့် မူများအပေါ် အခြေခံသည့် ဒီမိုကရေစီ နိုင်ငံတော်ပေါ်ထွန်းရေးကို မျှော်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိသည်” ဟု နိုင်ငံတော်သမ္မတ၏ အဆိုပါ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယနေ့တွင် အတိတ်၏အမွေဆိုးများကို စွန့်ပယ်ပြီး အမျိုးသားပြန်ရင်ကြား စေ့ရေးစိတ်ဓာတ်နှင့် သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တက်ညီလက်ညီ ဖော်ဆောင်ရမည့် ကာလဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း NLD ရုံးချုပ်တွင် ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောကြားသည်။

“နိုင်ငံတော်ရဲ့ အနာဂတ်အတွက် တူညီတဲ့ စိုးရိမ်စိတ်နဲ့ ညီညွတ်ပေါင်းစည်း၊ ယုံကြည်မှုတည်ဆောက်နိုင်ကြရင် သဘောထားကွဲလွဲမှုနဲ့ သံသယစိတ်တွေ လျော့နည်းပျောက်ကွယ်သွားစမြဲ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေထဲက အခွင့်အလမ်းကို ရှာဖွေတွေ့ရှိကြမှာဖြစ်တယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ရွေးကောက်ပွဲ အနိုင်မရမီ အတိုက်အခံကာလက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးပုဒ်မ ၄၃၆ ဖျက်သိမ်းရေး လှုပ်ရှားမှုများ ပြုလုပ်ကာ ပြင်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း ရွေးကောက်ပွဲနိုင်၍ အစိုးရဖွဲ့ပြီးကာလတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်ဆောင်သေးခြင်း မရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

J-08



FOLLOW US