News

POST TAGGED AS

ရှေးဟောင်း

ပုဂံတွင် ရှေးဟောင်းဂူဘုရားတစ်ဆူ ပြိုကျ

မန္တလေး၊ မတ် ၎

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းဂူ ဘုရားတစ်ဆူ မတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ပြိုကျခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ပြိုကျခဲ့သည့်ဘုရားသည် ပုဂံမြို့သစ် အနောက်မြောက်ဘက်ရှိ ဘုရားအမှတ် ၁၀၆၆ ဖြစ်ကြောင်း၊ ယင်းဘုရားမှာ ၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် ပြန်လည် ပြုပြင်ထားသည့် ဘုရားဖြစ်ရာ ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ခံထားရသော ဂူဘုရားတစ်ဆူ ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
 
“ငလျင်ဒဏ်ခံထားရတဲ့အတွက် သံယူဘင် (သံရက်မ) တွေနဲ့ ချုပ်ထားတယ်။ ဒါပေမဲ့ အမိုးပေါ်မှာ ဝိတ်များနေတဲ့အတွက် ပြိုကျတဲ့အခါမှာ ချုပ်ထားတဲ့ဟာတွေလည်း ပျက်စီးသွားတယ်။ ၇၀ ရာခိုင်နှုန်းနီးပါး ပြိုကျသွားတယ်။ လက်ရှိအချိန်မှာတော့ သန့်ရှင်းရေး လုပ်ငန်းတွေ လုပ်နေပါတယ်” ဟု ဦးအောင်အောင်ကျော်က ထပ်မံ ပြောဆိုသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက အင်အား ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း မြေငလျင်ကြောင့် ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းနှစ် စက်တင်ဘာလအတွင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ငလျင်ဒဏ်သင့် ဘုရားစေတီအချို့ ထပ်မံ ပျက်စီးခဲ့ရပြီး နိုဝင်ဘာလအတွင်း ရွာသွန်းခဲ့သည့်မိုးကြောင့် အုတ်ကျောင်းတစ်ခု၏ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့သည့်အပြင် ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ရွှေဆံတော်ဘုရား ပထမပစ္စယာမှ အုတ်သားနံရံများ ပြိုကျပျက်စီးခဲ့ရကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

M-05



FOLLOW US