News

POST TAGGED AS

ရှေးသုပညာရှင်

မြတ်မင်းကုမ္ပဏီကို ဖွင့်ထားသည့်အမှု ပြန်ရုပ်သိမ်း
မန္တလေး၊ စက်တင်ဘာ ၈

ပုဂံမြို့ရှိ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများတည်ရှိရာဇုန် (MZ) အတွင်း မြတ်မင်းကုမ္ပဏီက ဟိုတယ်တည်ဆောက်နေသောကြောင့် အမှုဖွင့်တိုင်ကြားထားမှုများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောကြားသည်။

ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများတည်ရှိရာဇုန် (MZ) အတွင်း မြတ်မင်းကုမ္ပဏီက ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်နေသဖြင့် ၂၀၁၇ ခုနှစ် ဩဂုတ်လက ပထမအကြိမ်တား မြစ်ခဲ့ရာတွင် လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေသဖြင့် ယခုနှစ် မတ် လ ၁၄ ရက်နေ့က ဒုတိယအကြိမ် ထပ်မံတားမြစ်ခဲ့ကာ ဆက်လက်လုပ်ဆောင်နေသဖြင့် မတ်လ ၂၄ ရက်နေ့က ထပ်မံ စာထုတ်တားမြစ်ထားခဲ့သော်လည်း လိုက်နာမှုမရှိသဖြင့် ဧပြီလအတွင်းက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“ရပ်ပါဆိုတာကို မရပ်လို့ တရားစွဲတယ်၊ သာသနာရေးပြည်ထောင်စုဝန်ကြီးတို့၊ ဝန်ကြီးချုပ်တို့ ကွင်းဆင်းစစ်ဆေး ကြည့်တဲ့အခါမှာ မှားနေတယ်ဆိုပြီး တရားစွဲထားတာကို ပယ်ဖျက်လိုက်တယ်။ ယူနက်စကို လာစစ်ပြီးတော့မှ ဆောက်ပါဆိုပြီး ပြောထားတယ်။ ရှေးသုက အမှုဖွင့်ထားတာကို ပြန်ပိတ်တယ်ပေါ့”ဟု ဦးမြတ်သူက ရှင်းပြသည်။

မြတ်မင်းကုမ္ပဏီက ဆောက်လုပ်သော နေရာသည် စည်ပင်သာယာဧရိယာအတွင်း ရှိနေပြီး လူနေရပ်ကွက်နှင့် ယခင်က ဆောက်လုပ်ထားသော ဟိုတယ်အဆောက်အအုံများ ရှိနှင့်နေပြီးဖြစ်ကြောင်း၊ ပုဂံမြို့သစ်မှ နတ် ကြို့အိုင်ကျေးရွာသို့သွားသော မြေနီလမ်း အနောက်ဘက် ယာမြေ ၁၉ ဧကပေါ်၌ မြတ်မင်းကုမ္ပဏီက ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရမှတ်တမ်းအရ သိရသည်။

မြတ်မင်းကုမ္ပဏီက ဆောက်လုပ်နေသောနေရာသည် ယခင်အစိုးရများ လက်ထက်ကတည်းက ဟိုတယ်ဇုန် ၄ နေရာအဖြစ် သတ်မှတ်ထားသည့်နေရာဖြစ်ကာ ဟိုတယ်ဆောက်လုပ်ခွင့်ပေးထားပြီး ဖြစ်ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ထပ်မံပြောဆိုသည်။

“အခုက ဘယ်လိုဖြစ်နေသလဲဆိုတော့ ပုဂံမှာရှိတဲ့ညွန်မှူးတွေ အငြိမ်းစားယူပြီး ပြောင်းသွားတဲ့အခါမှာ သက်ဆိုင်ရာ ညွှန်ချုပ်တွေ၊ ဝန်ကြီးတွေ သုံးယောက်လောက် ပြောင်းသွားတာနဲ့ တကယ်လုပ်ငန်းရှင်တွေ ဒုက္ခရောက်နေတာက အများစုပဲ။ မှတ်တမ်းတွေပြန်ကြည့်တဲ့အခါမှာ တွေ့နေရတယ်။ တစ်ယောက်က ခွင့်ပြုလိုက်၊ တစ်ယောက်ကပိတ်လိုက် ဒီလိုတွေ ဖြစ်နေတယ်”ဟု ဦးမြတ်သူက ရှင်းပြသည်။

ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများ တည်ရှိရာဇုန် (MZ) ဇုန်အတွင်း ဟိုတယ်ဆောက်လုပ်နေခြင်းကို အမြန်ဆုံးရပ်တန့်ပေးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အငြိမ်းစား အရာရှိများဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းက မတ်လ ၂၄ ရက်နေ့တွင် သဘောထားကြေ ညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုခဲ့ဖူးသည်။

“မြတ်မင်းကို ဟိုတယ်ဆောက်လုပ်ခွင့် ပေးချင်တယ်ဆိုရင် အမှုရုပ်သိမ်းချင်တယ်ဆိုရင် စီမံကိန်းပေးထားတဲ့ (MZ) ဇုန်ထဲက ထုတ်လိုက်။ ရှေးဟောင်းအဆောက်အအုံ တည်ရှိရာဇုန်လို့ပြောတဲ့အတွက် ဒါဟာ ဥပဒေကိုက ခွင့်ပြုပေးလို့မရဘူး။ မြတ်မင်း ဆောက်တာက အခန်းပေါင်း ၄၀၀ နီးပါး ဆိုတာက လုပ်ငန်းအကြီးထဲမှာ ပါတယ်။ အခုတရားစွဲလိုက်၊ အခုပြန်ရုပ်သိမ်းလိုက် ဆိုတာက တရားဥပဒေစိုးမိုးမှုဆိုတာ ဘာလဲ။ ဒီလိုပဲပြောချင်တယ်”ဟု မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းအတွင်း ရေးမှူး ဦးသူရအောင်က ပြောကြားသည်

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ယူနက်စကိုမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးမည်ဖြစ်၍ မအားလပ်သောကြောင့် ပြန်လည်ဖြေဆိုနိုင်ခြင်း မရှိခဲ့ပေ။

M-05




FOLLOW US