News

POST TAGGED AS

ရွေးကောက်ပွဲ

အမေရိကန်တို့သည် ဆီးရီးယားရှိ ဂျီဟတ်အုပ်စုများကို ကာကွယ်ပေးလျက်ရှိဟု ရုရှား ဝေဖန်

မော်စကို၊ အောက်တိုဘာ ၁ 

အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရကို ဖြုတ်ချပစ်ပြီး ဂျီဟတ်အုပ်စုများကို အကာအကွယ်ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး  ဆာဂျီလာရော့ဗ်က ဝေဖန်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

BBC သတင်းဌာနနှင့် သီးခြားတွေ့ဆုံခန်းတွင် ဆာဂျီလာရော့ဗ်က အမေရိကန်ပြည်ထောင်စုသည် အာဟတ်ဖာတာ အယ်လ်ရှမ် (အယ်နူဆာတပ်ဦး) ဟု ခေါ်သော အုပ်စုနှင့် အခြားအစွန်းရောက် အုပ်စုများကို ဖြိုခွင်းပေးမည်ဟူသော ကတိကဝတ်ကို ဖောက်ဖျက်ခဲ့ကြောင်း ပြောကြားသည်။ 

အာဟတ် ဖာတာအယ်လ်ရှမ် အုပ်စုသည် အယ်လ်ကေဒါ အကြမ်းဖက်အုပ်စုနှင့်  အဆက်အသွယ် ရှိသော အကြမ်းဖက်အုပ်စုတစ်ခု ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ဤနည်းဖြင့် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားသမ္မတ ဘာရှားအာဆတ် အစိုးရကို ဖြုတ်ချပစ်ရန် တစ်ဖက်က ကြိုးပမ်းပြီး အခြားတစ်ဖက်တွင် ဂျီဟတ်စစ်သွေးကြွ အစွန်းရောက်များကို ကာကွယ်ပေးနေခြင်း ဖြစ်သည်ဟု ဆာဂျီလာရော့ဗ်က ဆိုလိုခြင်း ဖြစ်သည်။ 

၎င်း၏ ထိုသို့ သုံးသပ်ပြောဆိုမှုနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်သူ မာ့ခ်တိုနာက ရုရှားအစိုးရ၏ စွပ်စွဲပြောဆိုချက်များသည် အဓိပ္ပာယ မရှိကြောင်း တုံ့ပြန်ပြောဆိုသည်။ 

အယ်လ်နူဆာတပ်ဦးကို အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထားတိုက်ခိုက်မှု မပြုဘဲ လအတန်ကြာ နေခဲ့ရခြင်းမှာ ယင်းအုပ်စုသည် အခြားသော အရပ်သားများ၊ အဖွဲ့အစည်းများနှင့် ရောယှက်နေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။ 

ထို့နောက် မာ့ခ်တိုနာက ရုရှားအစိုးရသည် ဆီးရီးယား အတိုက်အခံ အင်အားစုများထဲမှ သဘောထား ပျော့ပျောင်းသည့် အုပ်စုများအနေနှင့် အစွန်းရောက်အုပ်စုများနှင့် ပူးပေါင်း၊ သို့မဟုတ် အစွန်းရောက် အုပ်စုများထံ အညံ့ခံသွားစေရန် ဖိအားပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က “သူတို့ (အမေရိကန်) က အတိုက်အခံ အင်အားစုတွေကို အယ်လ်နူ ဆရာတပ်ဦး လက်အောက်ကနေ ခွဲထုတ်ပေးမယ်၊ အဲဒီကိစ္စကို ဦးစားပေးကိစ္စအဖြစ် လုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့တယ်။ သူတို့ဘယ်လောက်ပဲ ကတိတွေပေးပေး၊  တကယ်တမ်းကျတော့ အစကတည်းက အဲဒီကတိကို အကောင်အထည် ဖော်နိုင်ခဲ့တာမျိုး မရှိပါဘူး” ဟု ဝေဖန်သည်။ 

အမှန်အတိုင်း ဆိုပါက ဆီးရီးယားဆိုင်ရာ အမေရိကန်မူဝါဒ တစ်ခုလုံး ကချော်ကချွတ် ဖြစ်လျက်ရှိကာ အမေရိကန် အရာရှိများသည် ၎င်းတို့ကိုယ်တိုင်ရော အရေးကိစ္စကြီးငယ်များ အပေါ်တွင်ပါ ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း ဆာဂျီလာရော့ဗ်က ဆက်လက်သုံးသပ်သည်။  



FOLLOW US