News

POST TAGGED AS

ရေမြုပ်

ပဲခူးတိုင်းအတွင်းရှိ ပျက်စီးလယ်ဧကများအတွက် မျိုးစပါးတင်း ၁၄၀၀၀ တင်း ထောက်ပံ့မည်
တောင်ငူ၊ ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လယ်များ ပြန်လည်စိုက်ပျိုးနိုင်ရန် တင်း ၁၄,၀၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ယင်းတိုင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောကြားသည်။

သို့သော် ပဲခူးတိုင်းအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးစိုက်ဧက ငါးသိန်းနီးပါးရှိပြီး သုံးသိန်းကျော်မှာ ရေနစ်မြုပ်နေဆဲဖြစ်ကာ ရေပြန်ပေါ်သည် ဧက နှစ်သိန်းကျော်တွင် လယ်ဧကတစ်သိန်းခွဲနီးပါး ပျက်စီးဆုံးရှုံးထားရာ ယခုထောက်ပံ့မည့် မျိုးစပါးအရေအတွက်နှင့်ဆိုပါက ၁၀ ဆကျော်လိုအပ်ချက်ရှိနေကြောင်း တောင်သူများထံမှ သိရသည်။

ထို့ပြင် လက်ရှိရေနစ်မြုပ်နေဆဲဖြစ်သည့် လယ်ဧက သုံးသိန်းကျော်မှလည်း ဧကတစ်သိန်းခန့် ပျက်စီးလာနိုင်ခြေရှိသည့်အတွက် ပျက်စီးမှုပမာဏထပ်တိုးလာမည်ဖြစ်ကြောင်း တောင်သူများက ဆိုသည်။

“တိုင်းဒေသကြီး အစိုးရက (တင်း) ၁၃,၀၀၀ နဲ့ ပြည်ထောင်စုစိုးရက ထောက်ပံ့တဲ့ တင်း ၁၀၀၀ ပါ။ အကုန်လုံးရဖို့ မလွယ်ပေမယ့် ပျက်စီးတဲ့ တောင်သူတိုင်းရအောင် ကြိုးပမ်းနေပါတယ်” ဟု ဦးအောင်ဇော်နိုင်က ပြောကြားသည်။

၎င်းက ထိုသို့သာဆိုပြီး လိုအပ်နေသည့် မျိုးစပါးများနှင့်ပတ်သက်၍ ထပ်မံထောက်ပံ့နိုင်ရန် မည်သို့လုပ်ဆောင်နေသည်ကို ဆက်လက်ပြောကြားခြင်း မရှိပေ။

“အခုရေကျလို့လယ်တွေ ပြန်စစ်တာ ၁၀ ဧကလောက် ထပ်ပျက်သွားတယ်။ မျိုးစပါးတွေ တစ်ဧက တစ်တင်းနှုန်းပေးမယ်လို့ သိရပေမယ့် လက်ထဲမရောက်သေးပါဘူး”ဟု ရွှေကျင်မြို့နယ် ဝိုင်ပျဉ်ရေကျေးရွာမှ လယ်ဧက ၂၀ ပိုင်ရှင် ဦးမြင့်ကျော်က ပြောဆိုသည်။

ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ပဲခူး၊ မွန်နှင့် ကရင်ပြည်နယ်များရှိ ပျက်စီးလယ်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့မှ လိုအပ်နေသည့် မျိုးစပါးများ ထောက်ပံ့ရန် ပြင်ဆင်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

R-15



FOLLOW US