News

POST TAGGED AS

ရေမြုပ်

ဟင်္သာတခရိုင်အတွင်း သဘာဝဘေးသင့်သူများအတွက် ကျပ်သိန်းရှစ်ထောင်ကျော် ထောက်ပံ့
ဟင်္သာ၊ ဩဂုတ် ၁

ဟင်္သာတခရိုင်အတွင်း လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် ကမ်းပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကို ရင်ဆိုင်ခဲ့ရသည့် ဒေသခံများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကျပ်သိန်းရှစ်ထောင်ကျော် ထောက်ပံ့ပေးထားကြောင်း အဆိုပါဌာနထံမှ သိရသည်။

ဇလွန်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်တို့တွင် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ မီးဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ ကမ်းပြိုဘေးနှင့် ရေဘေးအကြိမ်ပေါင်း ၁၅၀ ကျော်ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် မြို့နယ်ခြောက်မြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ငါးရာကျော်၌ ကျေးရွာခွဲပေါင်း တစ်ထောင်ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်အမျိုးအစားအလိုက် ထောက်ပံ့ကူညီမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၃၁ရက်နေ့အထိ ကျပ်သိန်းပေါင်း ရှစ်ထောင်ကျော်ရှိကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။

ယင်းသို့သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် အိမ်ထောင်စုပေါင်းတစ်သောင်းကျော်တွင် နေထိုင်သည့် လူဦးရေ လေးသောင်းနီးပါးမှာ ကျပ်သန်းပေါင်း ၁၃၁၀ ဒသမ ၄၄၈ သန်းခန့်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများတွင် ဘုန်းတော်ကြီးကျောင်း ၇၀ ကျော်နှင့် အခြားအဆောက်အအုံ ၁၉ ခု ထိခိုက်ခဲ့ပြီး လူ ၉ ဦး ခန့်သေဆုံးထိခိုက်ခဲ့ကြောင်း၊ သဘာဝဘေးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ငွေကြေးတို့ကို အမျိုးအစားအလိုက် ထောက်ပံ့ကူညီခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ 

ထို့ပြင် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန သိုလှောင်ရုံတွင် အိမ်ထောင်စု ငါးရာအတွက် ကယ်ဆယ်ရေးပစ္စည်းများ အသင့်ထားရှိပြီး ဘေးဖြစ်ပွားရာ ဒေသများထံ အမြန်ဆုံးကွင်းဆင်းစစ်ဆေးကာ အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

R-13



FOLLOW US