News

POST TAGGED AS

ရေမြုပ်

04-May-2018

ဆန္ဒပြ ဟင်္သာတ
ဟင်္သာတမြို့လယ်သင်္ချိုင်းကို ပန်းခြံအဖြစ်ပြောင်းလဲရေး မြို့ခံများဆန္ဒပြ


ဟင်္သာတ၊ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ မြို့လယ်ရှိ သင်္ချိုင်းဟောင်းမြေနေရာကို အများပြည်သူအပန်းဖြေနိုင်ရန် ပန်းခြံအဖြစ်ပြောင်းလဲရေးအတွက် မေလ ၃ ရက်နေ့ နံနက်က မြို့ခံအင်အား ၅၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါပွဲ ဦးဆောင်သူ ဦးစိန်သောင်းက ပြောကြားသည်။

အဆိုပါ သင်္ချိုင်းနေရာအနီးတွင် သမိုင်းဝင်ရှေးဟောင်း အာဇာနည်ဗိမာန် အပါအဝင်၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် စာသင်ကျောင်းတို့ တည်ရှိနေသည်။ 

ကနဦးက လူဦးရေငါးထောင်ခန့်ဖြင့် ဆန္ဒထုတ်ဖော်မည်ဟု ရဲတပ်ဖွဲ့ထံ တင်ပြလျှောက်ထားခဲ့သော်လည်း မေလ ၃ ရက်နေ့တွင် လူဦးရေ ၅၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ ယင်းသို့ဆန္ဒ ထုတ်ဖော်ရာတွင် မြို့လယ်သင်္ချိုင်းဟောင်း မြေနေရာကို ပန်းခြံပြုလုပ်ခွင့်ပေးရေး၊ ဘာသာပေါင်းစုံကလေးများအနာဂတ်အတွက် ပန်းခြံပြုလုပ်ခွင့်ပေးရေး၊ စည်ပင်ဥပဒေကို တိုင်းဒေသကြီးအစိုးရက ချက်ချင်းအကောင်အထည်ဖော်ရေးစသည် ကြွေးကြော်သံများဖြင့် မြို့တွင်းလှည့်လည်ခဲ့ကြောင်း ယင်းပွဲဦးဆောင်သူများထံမှ သိရသည်။ 

အဆိုပါ သင်္ချိုင်းဟောင်းမြေနေရာအတွက် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၇ ရက် နေ့ကလည်း ဆန္ဒခံယူပွဲပြုလုပ်ခဲ့ရာ မြို့ခံအင်အား တစ်သောင်းခွဲကျော်တက်ရောက်ခဲ့ပြီး ပန်းခြံအဖြစ်ထောက်ခံဆန္ဒမဲ ၇၀၀၀ နီးပါး၊ ပယ်မဲ ၂၀ ကျော်၊ ကန့်ကွက်မဲမရှိခဲ့ကြောင်း၊ ယင်းသင်္ချိုင်းနေရာသည် မြို့လယ်တွင်ဖြစ်နေသဖြင့် မြို့သာယာလှပရေး အပါအဝင် မြို့တော်အင်္ဂါရပ်နှင့် ညီစေရန် ပန်းခြံအဖြစ် ပြုလုပ်လိုခြင်းဖြစ်ကြောင်း ဦးစိန်သောင်းက ရှင်းပြပြောဆိုသည်။

ယင်းနေရာကို အစ္စလာမ်ဘာသာဝင် များ၏သင်္ချိုင်းအဖြစ် ၁၉၃၈ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး ၁၉၉၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စည်ပင်ဥပဒေများနှင့်အညီ ပိတ်သိမ်းခဲ့ပြီး ရွာသာကုန်းကျေးရွာအုပ်စုကွင်းအမှတ် ၁၄၃၆ (က) ၌ မြေနေရာအစားထိုးပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥပဒေအမှတ် ၃/၂၀၁၂ အခန်း ၅ အပိုဒ် ၁၄ အပိုဒ်ခွဲ (လ) အရ အဆိုပါ သင်္ချိုင်းဟောင်းမြေနေရာကို လိုအပ်သလို စီမံခန့်ခွဲနိုင်ကြောင်း၊ ဧရာဝတီတိုင်း စည်ပင်သာယာရေးဥပဒေများအဖွဲ့များ ဥပဒေပုဒ်မ ၉၃ ပုဒ်မခွဲ (က) အရ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် နည်းဥပဒေအရလည်း စီမံခန့်ခွဲနိုင်ကြောင်း၊ နည်းဥပဒေ၏အခန်း ၂ အပိုဒ် ၄ (က) နှင့် (ခ) အရ အများပြည်သူအတွက် ပန်းခြံကဲ့သို့ အကျိုးရှိမည့်အရာများ ပြောင်းလဲလုပ်ကိုင်နိုင်ကြောင်း ဟင်္သာတမြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က ပြောကြားသည်။

R-13



FOLLOW US