News

POST TAGGED AS

ရေမြောင်း

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ကျပ်သိန်း ၅၀၀၀ အထိထုတ်ချေး
မန္တလေး၊ ဩဂုတ် ၁၃

မန္တလေးတိုင်းအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးမည့် ချေးငွေအစီအစဉ် (MEB Two Step Loan) ကို ယခုလမှ စတင် ထုတ်ချေးပေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေး) ထံမှ သိရသည်။

ယင်းအစီအစဉ်ကို မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး နှစ်တိုချေးငွေ ၃ နှစ်၊ နှစ်ရှည်ချေးငွေအဖြစ် ၅ နှစ်ဟု သတ်မှတ်ထားကြောင်း မန္တလေးတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းမန်နေဂျာ ဦးစုက ပြောကြားသည်။

လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရန် နှစ်တိုချေးငွေအဖြစ် ကျပ်သိန်း ၂၀၀ မှ အမြင့်ဆုံး သိန်း ၅၀၀ အထိ ထုတ်ချေးပေးမည်ဖြစ်ပြီး နှစ်ရှည်ချေးငွေအတွက် ကျပ်သိန်း ၅၀၀၀ အထိရယူနိုင်ကာ အတိုး ၉ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုအတွက် ၁ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ကျပ်သိန်းနှစ်ရာအောက် နှစ်တို ချေးငွေရယူပါက မြေအသုံးချခွင့် ပုံစံ (၇) ကို ဘဏ်သို့ပေးထားရမည်ဖြစ်ပြီး ကျပ်သိန်းနှစ်ရာအထက် ချေးငွေရယူလိုသော လုပ်ငန်းရှင်များအနေနှင့် သုံးနှစ်တာ အခွန်ထမ်းဆောင်ထားသည့် ပြေစာ၊ စာရင်းစစ်ချုပ်ရုံး၏ အသိအမှတ်ပြု ငွေစာရင်းရှင်းတမ်း၊ သက်ဆိုင်ရာအသင်း ထောက်ခံချက်၊ မြေစာရင်းဦးစီးဌာန၏ ထောက်ခံချက်များ၊ ချေးငွေကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ ဝင်ငွေသုံးငွေများတင်ပြရန်လိုကြောင်း ဦးစုက ထပ်မံပြောဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်ပ ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်ရေး အချက်နှစ်ချက်ကို ရည်ရွယ်ပံ့ပိုးခြင်းဖြစ်ကြောင်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်ထံမှ သိရသည်။

နှစ်တိုချေးငွေ ပြန်လည်ပေးဆပ်ရာတွင် အာမခံပစ္စည်းပေးနိုင်လျှင် တစ်နှစ် ဆိုင်းငံ့ပေးမည်ဖြစ်ပြီး ကျန်သည့် ၂ နှစ်အတွက် ၆ လ တစ်ကြိမ် ပေးဆပ်ရမည်ဖြစ်ကြောင်း၊ အာမခံပစ္စည်း မဖြစ်မနေ ပေးအပ်ရမည့် နှစ်ရှည်ချေးငွေတွင် ၂ နှစ် ဆိုင်းငံ့ခွင့်ရရှိမည်ဖြစ်ပြီး ကျန်သည့်သုံးနှစ်တွင် ၆ လတစ်ကြိမ်နှုန်း အရစ်ကျ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးဘဏ်က အသိပေးထားသည်။

မြို့နယ်ဘဏ်ခွဲများတွင် ကျပ်သိန်း ၂၀၀ အထိ ထုတ်ချေးနိုင်ပြီး တိုင်းအဆင့် ဘဏ်ခွဲ၌ ကျပ်သိန်း ၅၀၀ အထိ ချေးငွေ ရယူနိုင်ရာ ကျပ်သိန်း ၃၀၀၀ အထိ ချေးငွေကို ရုံးချုပ်ချေးငွေဌာန၊ သိန်း ၅၀၀၀ အထိ ချေးငွေကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ချေးငွေဌာနက စိစစ်ရွေးချယ်၍ ထုတ်ချေးပေးသွားမည်ဖြစ်သည်။

M-08



FOLLOW US